Home သတင်း သီပေါတွင် ဗုံးကြဲခံရ၍ ပြည်သူ ၂ ဦးနှင့် သီလရှင်တစ်ပါး ပျံလွန်သွား

သီပေါတွင် ဗုံးကြဲခံရ၍ ပြည်သူ ၂ ဦးနှင့် သီလရှင်တစ်ပါး ပျံလွန်သွား

294
Photo: TNLA

အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်သည့်အတွက် ဒေသခံ ၂ ဦးသေဆုံးပြီး သီလရှင်တစ်ပါး ပျံလွန်တော်မူသွားသည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)က အောက်တိုဘာ ၉ ရက်ညပိုင်းတွင် ထုတ်ပြန် ပြောသည်။

သီပေါမြို့နယ် နမ့်ငုံကျေးရွာနှင့် အနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာ ၈ ရက်ည ၁၀ နာရီဝန်းကျင်ချိန် တွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နမ့်ငုံကျေးရွာ ဘုန်းကြီးကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သီလရှင် တစ်ပါး ပျံလွန်တော်မူသွားသလို ဒေသခံပြည်သူ နှစ်ဦး သေဆုံးသွားသည်ဟု TNLA က ပြောသည်။

သီပေါမြို့နယ်အတွင်းသို့ စစ်ကောင်စီက မကြာခဏလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် လက်ရှိ စစ်ဘေးရှောင်သူ ပိုမိုများပြားလာသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ယခုလို ပြောသည်။

“အခုဆိုရင် သီပေါမြို့မှ စစ်ဘေးရှောင်တွေ များလာတယ်။ အနည်းဆုံး နှစ်ထောင်ကနေ သုံးထောင်ဝန်းကျင်မှာ ရှိတယ်။ တချို့တွေ ကျတော့လည်းနေ့ဘက်တွေဆို ကိုယ့်အိမ်မှာပြန်နေပြီးတော့ ညဘက်တွေမှာဘဲ လေယာဉ်ကို ကြောက်လို့ ပြန်ရှောင်ကြတယ်” ဟု ၎င်းက အောက်တိုဘာ ၁၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

Photo: TNLA

အလားတူ အောက်တိုဘာ ၉ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ရွှေကျောင်းရပ်ကွက်နှင့် ပန်တိမ်တောင်ရပ်ကွက်အတွင်းသို့ ဗုံး ၁၀ လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု TNLA က ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က သီပေါဘက်သို့ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဆက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ်အတွင်း အရပ်သားပြည်သူ ၆၃ ဦး သေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ် အတွင်း ၂၆၀ ဦး သေဆုံးသွားခဲ့သည်။ အလားတူ ၂၀၂၃ ခုနှစ်အတွင်းတွင် အရပ်သား ၆၁၃ ဦး သေဆုံး ခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် ဥာဏ်လင်းသစ်သုတေသနအဖွဲ့က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက် နေ့တွင် ထုတ်ပြန်ထားသည်။