အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စင်္ကာပူရောက် မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် ဝင်ငွေခွန်ပေးဆောင်ရန် စာရင်းသွင်းရာတွင် မိမိ ကိုယ်ပိုင်မှတ်ပုံတင်များကိုသား အသုံးပြု စာရင်းသွင်းရန် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသားအလုပ်သမားအချို့မှာ ဝင်ငွေခွန်ပေးဆောင်မှု စာရင်းသွင်းရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)အမှတ်များ မှားယွင်းနေခြင်းနှင့် အခြားသူ တစ်ဦး၏ မှတ်ပုံတင်အမှတ်များကို အသုံးပြုထားသည် ကို စိစစ်တွေ့ရှိရကြောင်း သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်သည်။
စင်္ကာပူရောက် မြန်မာနိုင်ငံသား အလုပ်သမားများအနေဖြင့် မိမိဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အနေဖြင့် ပေး ဆောင်ရမည်ဖြစ်ပြီး အဆိုပါ ဝင်ငွေခွန်ပေးဆောင်မှသာ နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးပေးမည်ဖြစ် ကြောင်း ယခင် ၂၀၂၃ ဒီဇင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် သံရုံးက ကြေညာထားခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံသားအချို့အနေဖြင့် စစ်ကောင်စီကို အခွန်မဆောင်လိုကြသောကြောင့် ယခုလို မှတ်ပုံတင် နံပါတ် အမှားများအသုံးပြု၍ စာရင်းလိမ်သွင်းထားသူများရှိနေပြီး ယခုလို အသိပေးစာ ထွက်ပေါ်လာခြင်းကြောင့် စိုးရိမ်မှုများလည်းဖြစ်နေကြသည်ဟု စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့က ပြောဆိုကြသည်။
“တချို့ စစ်ကောင်စီကို မကြိုက်လို့ အခွန်မဆောင်ချင်လို့ မှတ်ပုံတင် နံပါတ်အမှားတွေ သူများဟာတွေကို ယူသုံး ပြီး စာရင်းသွင်းကြတာ။ အခု အဲ့ဒါတွေက ပေါ်တော့ စာထွက်လာတာပေါ့။ အခု စာရင်းလိမ်သွင်းထားတဲ့သူတွေ ကတော့ စိုးရိမ်နေကြတာပေါ့။” ဟု စင်္ကာပူနိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် သံရုံးအနေဖြင့်လည်း နိုင်ငံကူးလက်မှတ်များ လာရောက် သက်တမ်းတိုးရာတွင် မိမိ၏ မူရင်းမှတ်ပုံတင် သို့မဟုတ် မှတ်ပုံတင်မိတ္တူများ မဖြစ်မနေ ယူလာကြရန် အသိပေးထားပြီး ပျောက်ဆုံးပါက အသစ်လုပ် ဆောင်ရန်နှင့် အခြားသူများ၏ မှတ်ပုံတင်အမှတ်များဖြင့် ဝင်ငွေခွန်ထမ်းဆောင်ခြင်းကို လုံးဝရှောင်ရှားရန် ဆက်လက် အသိပေးထားသည်။
စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ယခင်နှစ် ၂၀၂၃၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှစ၍ ဝင်ငွေခွန်များ ပေး ဆောင်ရန် သံရုံးက အသိပေးကြေညာခဲ့ပြီး Student pass ကိုင်ဆောင်ထားသူများအနေဖြင့်လည်း ကျောင်း ထောက်ခံစာပြနိုင်မှသာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ ဝင်ငွေခွန်ထမ်းဆောင်သူများ၏ ဇနီး၊ခင်ပွန်း၊ သား၊သမီးများ၏ အိမ်ထောင်စု စာရင်း၊မွေးစာရင်း၊ လက်ထပ်စာချုပ်တင်ပြနိုင်မှသာမှီခိုသူအဖြစ် သက်တမ်း တိုးပေးမည်ဟု သံရုံးက ကြေညာထားခြင်းဖြစ်သည်။
ထို့အပြင် စင်္ကာပူမှ မြန်မာနိုင်ငံပြန်မည့် နိုင်ငံသားများအနေဖြင့်လည်း ဝင်ငွေခွန်ပေးဆောင်ပြီးဖြစ်ကြောင်း၊ ကျောင်းသား၊ မှီခို ထောက်ခံစာများကို သံရုံးသို့ သွားရောက် ရယူရမည်ဖြစ်ကြောင်း ဆက်လက်အသိပေးထား ကြောင်း တွေ့ရသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင်ရရှိသည့် လစာဝင်ငွေ အပေါ် ၂၀၂၃ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှစ၍ ဝင်ငွေခွန်များ ပေးဆောင်ရန် စစ်ကောင်စီ၏ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ယခင်နှစ် နိုဝင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဝင်ငွေခွန် (၃၈၉၀) ဘီလီယံ ရရှိခဲ့ ကြောင်း ယခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။


















