Home သတင်း ဗုံးကြဲခံရ၍ ဖာပွန်တွင် စာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အအုံ (၆)လုံး ထိခိုက်ပျက်စီး

ဗုံးကြဲခံရ၍ ဖာပွန်တွင် စာသင်ကျောင်းနှင့် ဘုရားရှိခိုးကျောင်းအပါအဝင် အဆောက်အအုံ (၆)လုံး ထိခိုက်ပျက်စီး

297
Photo - KNU-Mutraw News

အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (ဖာပွန်)၊ တပ်မဟာ (၅) နယ်မြေရှိ ဆောဘွဲဒဲကျေးရွာသို့ အောက်တိုဘာ (၂၅) ရက်နေ့တွင် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုရားရှိခိုးကျောင်း၊ မူကြိုကျောင်းနှင့် လူနေအိမ်များအပါအဝင် အဆောက်အအုံ (၆) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များအရ သိရသည်။

စစ်ကောင်စီက လေကြောင်းမှ လာရောက်တိုက်ခိုက်ချိန်တွင် ဒေသခံများ ကြိုတင် တိမ်းရှောင် ထားကြသောကြောင့် ထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ကျေးရွာအတွင်းရှိ ဘုရားကျောင်း၊ စာသင်ကျောင်း ရွာစုဝေးခန်းနှင့် လူနေအိမ် (၃)လုံး အပါအဝင် စုစုပေါင်း အဆောက်အဦး ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း မူတြော်ခရိုင်/တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

“ အိမ်အဆောက်အအုံတွေ ပျက်စီးသွားတယ်။ လေယာဥ်ခဏခဏလာဝဲလို့ ရွာသားတွေ အိပ်မနေရဲကြလို့ ထိခိုက်သေဆုံးဒဏ်ရာရတာတွေတော့ မရှိဘူး။ ခရိုင်တာဝန်ရှိသူတွေကလည်း ကြိုတင်သတိပေးထားတယ်။ ရွာသားတွေက ရှောင်တဲ့ နေရာမှာ နေကြပေမယ့် နေ့ဘက်လောက်ပဲ ရွာပြန်ဝင်ကြတာ၊ ပျက်စီးသွားတဲ့ အိမ်တွေကတော့ လုံးဝနေလို့ မရတော့ဘူး။ ပြန်ဆောက်ဖို့ကလည်း ခက်ခဲနေသေးတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo – KNU-Mutraw News

ဖာပွန်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာ (၂၆)ရက်နေ့ကလည်း ဘူးသိုမြို့နယ်၊ ခေါပုတ်ကျေးရွာအုပ်စုသို့ စစ်ကောင်စီက Y-12 လေယာဥ်ဖြင့် ဗုံးအလုံးရေ (၄၀)ခန့် ကြဲချသွားခဲ့ရာ ဆောဘွဲဒဲကျေးရွာနှင့်အနီးတဝိုက်အပါအဝင် အောက်တိုဘာ(၂၅)ရက်နှင့် (၂၆) နှစ်ရက်အတွင်း စုစုပေါင်း ဗုံးဆံ(၇၀)ဝန်းကျင် ကြဲချတိုက်ခိုက်ခံခဲ့ရကြောင်း KNU မူတြော်ခရိုင်က ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ မကြာခဏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ‌ကြောင့် ခေါပုတ်တပ်စခန်းအနီးရှိ လေးကွယ်‌ လော်ရွာ အပါအဝင် တခြားရွာမှ ဒေသခံများကိုလည်း ထွက်ပြေးတိမ်းရှောင်ခိုင်းထားရသည်ဟု ခရိုင်တာဝန်ရှိသူများက ဆိုသည်။

အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်းတွင်လည်း စစ်ကောင်စီနှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း(၄၀)ကျော်ဖြစ်ပွားခဲ့ရာ စစ်တပ်ကလေကြောင်းမှနေ၍ ဗုံးဆံ(၅၀)ကျော်ကြဲချခဲ့သဖြင့် ပြည်သူ(၃)ဦးသေဆုံးပြီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်ဘက်က ထုတ်ပြန်ထားသည်။