အောက်တိုဘာ ၈ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောစစ်ကောင်စီစခန်း နှင့်အနီးတဝိုက်ကို စစ်ကောင်စီက အောက်တိုဘာ ၇ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းရှိ မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း- ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
အဆိုပါ သိန္ဓောစခန်းကို စစ်ကောင်စီတပ်သားများက စက်တင်ဘာ ၂၅ ရက်နေ့တွင် စခန်းစွန့်ထွက်ခွာသွားခြင်း ဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီ K8W ဂျက်တိုက်လေယာဉ်ဖြင့် ၄ ကြိမ် ထက်မနည်း ဗုံးကြဲမှုပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“အခုစွန့်ခွာသွားတဲ့ စခန်းကိုလာတိုက်တာက ပထဆုံးအကြိမ်ဖြစ်တယ်။ အဲ့ဒီမှာရှိတဲ့ ဆေးခန်းကို အဓိက ပစ်မှတ် ထားပြီး တိုက်ခိုက်တာဖြစ်နိုင်တယ်” ဟု ရဲဘော်မျိုးကြီးက အောက်တိုဘာ ၈ ရက်တွင် ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် သိန္ဓောစစ်ကောင်စီစခန်း အနီးတဝိုက်အပြင် တကူးတိုက်နယ်အတွင်းရှိ အင်းရှည်ကုန်း၊ လမိုင်းကော နှင့်ဆေးခန်းအနီးတဝိုက်တွင်လည်း ဗုံးသီး ၆ လုံးနှင့်အထက် ကြဲချတိုက်ခိုက်သော်လည်း ဒေသခံများ ထိခိုက် ဒဏ်ရာရရှိခြင်း၊ လူနေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။
လက်ရှိ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာ၊ ဘန်လင်ရွာနှင့် ပဝရွာများတွင်လည်း စစ်ကောင်စီ တပ်များမှ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရိူ့ဖျက်ဆီးခြင်းနှင့် နေအိမ်အတွင်းမှ တန်ဖိုးရှိပစ္စည်းများကို စစ်တပ်မှ ယူဆောင်လေ့ရှိကြောင်း ဒေသခံများ ၏ ပြောဆိုချက်များအရ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိနေပြီး ပြီးခဲ့သည့် ဩဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်အထိ လုပ်ဆောင်ခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထုတ်ပြန်ချက် များအရ သိရသည်။