စက်တာဘာ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ကော့ကရိတ်-မြပတိုင်လမ်းတွင် လမ်းအသုံးပြုသွားလာနေသူ များကို စစ်ကောင်စီကပစ်ခတ်ပြီး ငွေကြေး၊ ပစ္စည်းများ သိမ်းယူနေသည်ဟု ဒေသခံပြည်သူတို့က ပြောသည်။
အဆိုပါ လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်ချထားပြီး သွားလာသည့် အရပ်သားပြည်သူများကို ဖမ်းဆီးနှိပ်စက်ကာ ငွေကြေး၊ ဥစ္စာပစ္စည်းများ ယူသည့်အပြင် တချို့ကို ပစ်ခတ်သတ်ဖြတ်သည့်အထိ လုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးနှိပ်စပ်ခံရသူ တစ်ဦး၏ မိတ်ဆွေဖြစ်သူက ယခုလို ပြောသည်။
“ရင်ကွဲ တောင်လမ်းသွားလာတဲ့ ပြည်သူတွေကို စစ်တပ်ကဖမ်းဆီးနှိပ်စက်ပြီး ပါလာတဲ့ပိုက်ဆံတွေ သိမ်းယူ တယ်။ ကျနော်တို့ရွာ ဘက် တစ်ယောက်က ပိုက်ဆံ သိန်းတစ်ရာ ကျော် သိမ်းယူခံထိတယ်။ အချို့ဆို ပစ်သတ်ခံရပြီး ပိုင်ရှင်မဲ့အလောင်းတွေလလည်းရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က ယခုလို အရပ်သားပြည်သူတို့၏ ငွေကြေးဥစ္စာများ ဓားပြတိုက် သိမ်းယူသည့် အပြင် သတ်ဖြတ်မှုများရှိသဖြင့် သတိထားသွားလာသင့်သည်ဟု နယ်မြေခံ တော်လှန်ရေး ရဲဘော်များက သတိပေးပြောဆိုသည်။
တော်လှန်ရေးရဲဘော်တစ်ဦးက “စစ်ကောင်းစီတပ်က အရပ်သားတွေကို ဓားပြတိုက်ပြီး ဖမ်းဆီးနှိပ်စက်မလား၊ သတ်ဖြတ်မလား ဘာမဆိုလုပ်နေတယ်။ အရပ်သားနဲ့ ရန်သူလည်း မခွဲခြားဘူး။ လုပ်ချင်တာလုပ်တယ်။ ပြည်သူတွေ အနေနဲ့ သတိထား သွားလာသင့် တယ်”ဟု ပြောသည်။
ယခုလို စစ်ကောင်စီတပ်၏ လုပ်ရပ်များကြောင့် အဆိုပါ လမ်းပိုင်းတွင် ယခုနောက်ပိုင်း သွားလာသူမရှိသလောက် နည်းပါးနေပြီး အနီးအနားရှိ ဒေသခံရွာသားများလည်း စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်ဟု ရွာသားများက ပြောဆိုသည်။



















