Home သတင်း စစ်ရေးကြောင့် တနင်္သာရီတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၆၀,၀၀၀ ကျော်ထိရှိ

စစ်ရေးကြောင့် တနင်္သာရီတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူ ၆၀,၀၀၀ ကျော်ထိရှိ

502
Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

စက်တင်ဘာ ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ ကျေးရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှု နှစ်ဖက်တိုက်ပွဲများကြောင့် ဩဂုတ်လအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၆၀,၀၀၀ ဦးကျော်ထိရှိလာ ပြီးဟု FE5 Tanintharyi ၏ ဩဂုတ်လအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဩဂုတ်လအတွင်း စစ်ကောင်စီက အဆိုပါကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် တစ်လထက်တစ်လ စစ်ရှောင်ဦးရေ တိုး လာခြင်းဖြစ်သည်ဟု ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံ ယောနသံ က ပြောသည်။

“အမြဲတမ်းစစ်ဘေးရှောင်ထက် တိုက်ပွဲဖြစ်ပွားချိန်နဲ့ စစ်တပ်ကစစ်ကြောင်းထိုးလာချိန် ရှောင်တဲ့ ယာယီစစ်ဘေး ရှောင်တွေက ပိုများပါတယ်။ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ အမိုး၊ အကာနဲ့ စားနပ်ရိက္ခာက အရေးပေါ်လိုအပ် ပါတယ်။ အခုလေကြောင်း တိုက်ခိုက်ခံရချိန်မှာ ပြည်သူတွေက လေကြောင်းရန်နဲ့ပတ်သက်ပြီး ဘယ်လိုနေထိုင် ရမယ်၊ ရှောင်ရှားရမယ်၊ စစ်နဲ့ ပတ်သက်ပြီး ဘယ်လိုကြိုတင် ပြင်ဆင်ထားသင့်လဲဆိုတဲ့ အသိပညာတွေ ပြည်သူ လူထုမှာ လုံလုံလောက်လောက်မရှိတဲ့အတွက် ထိခိုက်မှုတွေက ပိုများတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာများသို့ စစ်ကြောင်း ထိုးဝင်ရောက်မှု ဆက်တိုက် ပြုလုပ် ခဲ့ပြီး လူနေအိမ်များရှိရာဘက်သို့ ဦးတည်ကာလေကြောင်းမှ ၁၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံ နေအိမ် စုစုပေါင်း ၅၆ လုံးမီးရိူ့ ဖျက်ဆီးခံခဲ့ရသည်။

တနင်္သာရီစစ်ဘေးရှောင်အများစုသည် ပုံမှန်မရှိဘဲ စစ်ကြောင်းထိုးမှုနှင့် တိုက်ပွဲဖြစ်ပွားသည့် အခြေ အနေပေါ်မှုတည်၍ ပြောင်းလဲနေသလို အနည်းငယ်တည်ငြိမ်သွားပါက စစ်ရှောင်တို့ နေရပ်ပြန် နေထိုင်ကြသည်။ တိုက်ပွဲပြန်ဖြစ်က ထပ်မံနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လေ့ရှိသည်ဟု လေ့လာတွေ့ ရှိရသည်ဟု အစီ ရင်ခံစာက ဆိုသည်။

ထို့အပြင် ထားဝယ်အရှေ့တောနယ်ဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့်များကို ကန့်သတ်ထားသဖြင့် လက်ရှိ စစ်ဘေးအပြင် ရေဘေးဒုက္ခကိုပါ ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များ ပိုမိုခက်ခဲလျက်ရှိသည်ဟု FE5 Tanintharyi က ပြောဆိုထားသည်။