Home သတင်း မိုင်းပေါက်ကွဲ၍ ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ ရေဘေးရှောင်ပြန်သူ ဒေသခံ(၁)ဦး ခြေထောက်ပြတ်ထွက် ဒဏ်ရာရ

မိုင်းပေါက်ကွဲ၍ ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ ရေဘေးရှောင်ပြန်သူ ဒေသခံ(၁)ဦး ခြေထောက်ပြတ်ထွက် ဒဏ်ရာရ

601

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ခြမ်း၊ ဒါးဒေါက်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်နေ့က ရေဘေးရှောင်ပြန်သူ ဒေသခံအမျိုးသား(၁)ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော နင်းမိုင်းပေါက်ကွဲပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်ရာဒေသခံများမှ သိရသည်။

စစ်ကောင်စီက တစ်လကျော်ကြာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသော ဒါးဒေါက်ကျေးရွာအုပ်စုအတွင်း နေထိုင်သူ လူလတ်ပိုင်းအရွယ်အမျိုးသားမှာ ၎င်းလာရောက်စစ်ရှောင်နေသည့်ဇရပ်ကြီးမြို့ပေါ်တွင် ယခု စက်တင် ဘာလ တတိယပတ်မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားလာသဖြင့် နေအိမ်ပြန်ရာမှ အိမ်ခြံစည်းရိုးနံဘေး ထောင်ထားသော မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“ဇရပ်ကြီးမှာရေတက်လာတော့ ခိုလှုံတဲ့နေရာတွေမရှိဘူးလေ။ စစ်တပ်က ပိတ်ထားတဲ့လမ်းကို ပြန်ဖွင့်ပေး တယ်ဆိုပေမယ့်လည်း မိုင်းမထောင်ထားတဲ့နေရာတွေပါပဲ။ မိုင်းရှိတဲ့နေရာတွေကိုက ဝါးတွေ၊ ခုံတွေနဲ့ တားထားတယ်။ သူ့အိမ်က အဲဒီကန့်သတ်တဲ့နယ်မြေထဲမှာပါတယ်။ ပြန်နေတဲ့နေ့ကပဲ သူ့အိမ်နားမှာထိတာ။ ခြေထောက်တစ်ဖက်က ပြတ်သွားတယ်” ဟု ၎င်းနှင့်နီးစပ်သည့် အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒဏ်ရာရရှိသူအမျိုးသားအား အိမ်နီးချင်းနီးစပ်ရာမှ ဝိုင်းဝန်းကူညီရန် လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီက ဟန့်တား၊ ပြစ်တင်ပြောဆိုမှုများရှိခဲ့သလို တောင်ငူဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ရန်မှာလည်း လမ်းရေကျော်နေသဖြင့် နီးစပ်ရာထန်းတပင်မြို့သို့ မော်တော်ယာဥ်အဆင့်ဆင့်ဖြင့် ပို့ဆောင်ကုသခဲ့ရကြောင်း ၎င်း၏မိသားစုဝင်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြချက်အရ သိရသည်။

ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က ဇရပ်ကြီး-ကင်မွန်းခြုံလမ်းမကြီးအား ပိတ်ဆို့မှုများလုပ်ခဲ့ပြီး လက်ရှိအထိ ၎င်းတို့ထောင်ထားသော နင်းမိုင်းများကို ပြန်မဖော်သည့်အပြင် မိုင်းရှိသည့်နေရာတဝိုက်တွင်လည်း မြင်သာသည့် သတိပေးလုပ်ဆောင်ချက် မရှိသောကြောင့် ယခုလိုဖြစ်ပွားရကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

ဇရပ်ကြီးဒေသတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီး ယနေ့အထိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသည့် လူဒေသခံ(၁)ဦးသာ စုံစမ်းတွေ့ရှိရသေးသော်လည်း စက်တင်ဘာလ(၁၉)ရက်နေ့က ဒါးဒေါက်ရွာလမ်းနံဘေး ကျက်စားနေသည့် အိမ်မွေးတိရစ္ဆာန် နွားမတစ်ကောင်မှာ မိုင်းနှစ်လုံးဆက်တိုက်ပေါက်ကွဲ၊ သေဆုံးခဲ့ရကြောင်း မျက်မြင်တွေ့ရှိသည့် ဒါးဒေါက်ရွာခံတို့၏ ပြောပြချက်အရ သိရသည်။

ထို့အတူ လမ်းပိုင်းသွားလာခွင့် ပိတ်ဆို့ထားစဥ်က ဇရပ်ကြီးအနောက်ဘက်ရွာမှ မြို့ပေါ်သို့ ဈေးဝယ်လာသူ အမျိုးသားတစ်ဦး စစ်တပ်က ပစ်ခတ်သဖြင့်သေဆုံးခဲ့ရသလို အလောင်းကောက်ယူခွင့်မရ ဖြစ်ဖူးခဲ့သည်ဟု ဇရပ်ကြီးဒေသခံများက ဆိုသည်။