Home သတင်း ပြည်နယ်အားကောင်းရေး ဖက်ဒရယ်မူအတိုင်းသွားရန် အတိုက်အခံ အဖွဲ့(၉)ဖွဲ့ သဘောထား ထုတ်ပြန်

ပြည်နယ်အားကောင်းရေး ဖက်ဒရယ်မူအတိုင်းသွားရန် အတိုက်အခံ အဖွဲ့(၉)ဖွဲ့ သဘောထား ထုတ်ပြန်

757

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

တိုင်းပြည်၏ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင် စုအားကောင်းရေး (Bottom-up Federalism) မူအတိုင်းချဉ်း ကပ်တည် ဆောက်သွား မည်ဖြစ်ကြောင်း တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းနှင့် ပြည်နယ်(သို့မဟုတ်) လူမျိုးကိုယ်စားပြုကောင်မတီပါဝင်သည့် အဖွဲ့(၉)ဖွဲ့က ယမန်နေ့ စက်တင်ဘာ (၁၉)ရက်နေ့တွင် သဘောထားထုတ်ပြန်လာသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ မွန်ပြည် သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)(MNSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံ ကော်မတီ(TPCC) နှင့်အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB စသည့် အဖွဲ့(၉)ဖွဲ့ပါဝင်သည့် သဘောထားကို စုပေါင်းထုတ်ပြန်လာခြင်းဖြစ်သည်။

တိုင်းပြည်၏ အနေအထားအရ ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဗဟိုကို အခြေပြုတည်ဆောက်ပါက ခိုင်မာအားကောင်းသည့် စနစ်ကိုမရနိုင်သောကြောင့် ယခုလို ပြည်နယ် အားကောင်းရေး မူအတိုင်း လက်ရှိတော်လှန်ရေး ကာလ(သို့မဟုတ်) ကြားကာလမှစပြီး တည်ဆောက် သွားမည့် သဘောထားဖြစ်ကြောင်း ထုတ်ပြန်ချက်ပါ ပြောခွင့်ရ နန်းမို့မို့က ယခုလိုပြောသည်။

“ပြည်နယ်အားကောင်းရေးလို့ ပြောတဲ့နေရာမှာ ပြည်နယ်တွေဖြစ်ချင်ဖြစ်မယ်၊ ယူနစ်တွေဖြစ် ချင်ဖြစ်မယ်။ လူမျိုးတွေလည်းဖြစ်ချင်ဖြစ်မယ်။ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ဖို့ဆိုရင် အဲ့ဒီ ဖက်ဒရယ် ပြည်ထောင်စုမှာ အဖွဲ့ဝင်ဖြစ်နေတဲ့ ယူနစ်တွေ ပြည်နယ်တွေက အားကောင်းနေမှဖြစ်မယ်။ ဘာဖြစ်လဲဆိုတော့ ကျမတို့ နိုင်ငံရေးအနေအထားကိုကြည့်မယ်ဆိုရင် လူမျိုးရေးအရ ဘာသာရေးအရ ဒေသအနေအထားအရ တကယ့်ကို စုံလင်ကွဲပြားနေလို့ ဖြစ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

အချက် (၄)ချက်ပါဝင်သည့် ၎င်းတို့သဘောထားထုတ်ပြန်ချက်ပါ ပြည်နယ်အား ကောင်းရေး အခြေခံမူများအရ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်မှာ ပြည်နယ်(သို့မဟုတ်) ဖက်ဒရယ် ယူနစ်များ နှင့် ၎င်းပြည်သူများဖြစ်ပြီး တန်းတူရေ နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံကာ အချုပ် အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထု နှင့် အနီးကပ်ဆုံးအာဏာနှင့် အချိုးကျမှု အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေးမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် အဆိုပါ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးလုပ်ငန်းစဉ်များကို တော်လှန်ရေး အင်အားစုများအကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မည့် လုပ်ငန်း စဉ်များကို လည်း ချမှတ်ထားကြောင်းနှင့် အဆိုပါ သဘောတူညီချက်၊ လုပ်ငန်းစဉ်များကို အတူတကွ လက်တွဲ အကောင်အထည်ဖော်ကာ ပြည်နယ်အားကောင်းရေးကြိုးပမ်းဆောင်ရွက်သည့် အဖွဲ့အားလုံးနှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်းလည်း အဖွဲ့(၉)ဖွဲ့က ဆက်လက်ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ လူထုအကြား သပိတ်ကော်မတီများ၊ အစုအဖွဲ့အများအပြားပေါ်ပေါက်လာသလို အကြမ်းဖက်မှုကို ဆန့်ကျင်တော်လှန်သည့် ကာကွယ်ရေးလက်နက်ကိုင်အဖွဲ့အစည်းများလည်း အများအပြား ပေါ်ပေါက်လာခဲ့သည်။

ထိုမှတစ်ဆင့် ကြားကာလအတွက် သပိတ်ကော်မတီများမှ နိုင်ငံရေး အင်အားစုများအဖြစ် ပြောင်းလဲ ဖွဲ့စည်းလာသည့် အစုအဖွဲ့များ ရှိသလို ပြည်နယ်ကို အခြေခံသည့် ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ လူမျိုးကို အခြေခံသည် အတိုင်ပင်ခံကောင်စီများ အသီးသီး ပြင်ဆင် ဖွဲ့စည်းလာကြပြီး မြောက်ပိုင်းတွင် စစ်ရေးအရ နယ်မြေသိမ်း ပိုက်တိုက်ခိုက်ကာ အုပ်ချုပ်ရေး ယန္တရားပြင်ဆင်ဖွဲ့စည်းသည့် လက်နက်ကိုင်အစုအဖွဲ့များလည်းရှိလာခဲ့သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ အဖွဲ့ဝင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၏ စစ်ရေးကော်မတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် စစ်ရေး၊ နိုင်ငံရေးအရ မပူးပေါင်းရေး အပြင် စစ်မြေပြင်ချဲ့ ထွင်ခြင်းများကို ပြုလုပ်တော့မည်မဟုတ်ကြောင်း သဘောထား ထုတ်ပြန်လာခဲ့သေးသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်နှင့် အာဏာရှင်ဆန်သည့် စနစ်များကို ဆန့်ကျင်တိုက်ဖျက်ပြီး အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပုံစံမျိုးစုံဖြင့် ချဉ်းကပ်လုပ် ဆောင်နေသည့် အဖွဲ့အစည်း အစုအဖွဲ့များရှိသလို အာဏာသိမ်းစစ်ကောင်စီ နှင့် ဆက်လက်ဆက်ဆံလိုသော သဘောထားရှိသည့် အဖွဲ့အစည်းများလည်း ရှိနေသေးသည်။