စက်တင်ဘာ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မြို့အများအပြားသိမ်းယူထားနိုင်သော ညီနောင်မဟာမိတ်(၃)ဖွဲ့အား စစ်ကောင်စီက အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာလိုက်ခြင်းအပေါ် ၎င်းဒေသအတွင်း စစ်ရေးအရ တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာနိုင်ဖွယ်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ၏ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။
စက်တင်ဘာလ (၃)ရက်၊ ယမန်နေ့က စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၁၀၂၇ စစ်ဆင်ရေး၏ ဦးဆောင်သူများဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အာရက္ခတပ်တော် (AA)တို့အား အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ကြေညာချက်သည် ညီနောင်မဟာမိတ်(၃)ဖွဲ့အပေါ် ထူးခြားသော သက်ရောက်မှုမရှိနိုင်သော်လည်း မဟာမိတ်အဖွဲ့များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသဘက်တွင် စစ်ကောင်စီက စစ်ရေးအရတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်မည့် အခြေအနေရှိလာနိုင်သည်ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။
၎င်းက “စစ်ကောင်စီကို ပြည်တွင်းရော၊ ပြည်ပရော အသိအမှတ်မပြုတာ တစ်နိုင်ငံလုံးအသိပဲ။ နောက် စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်တာလည်း အများသိကြပါတယ်။ ဥပမာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ခဲ့တာတွေလိုမျိုးပေါ့။ ဒီလိုထုတ်ပြန်တာက စစ်တပ်မှာ တစ်ခုခု တုံ့ပြန်တိုက်ခိုက်ဖို့ ရှိပုံရတယ်။ အဲဒီဘက်မှာ တိုက်ခိုက်မှုတွေ တိုးလုပ်ချင်တဲ့ အနေအထား ရှိလာနိုင်တယ်။” ဟု ပဒိုစောကလယ်စေးက ပြောသည်။
မဟာမိတ်(၃)ဖွဲ့နှင့် ပူးပေါင်းတပ်များ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးအရမဟာဗျူဟာကျသည့် မြို့များကို လက်လွတ်ဆုံးရှုံးခဲ့ရသော စစ်ကောင်စီက မြို့ရွာများကိုဖျက်ဆီး၍ နိုင်ငံတော်နှင့် ပြည်သူ့ လုံခြုံရေးကိုပျက်ပြားစေသည်ဟုဆိုကာ MNDAA၊ TNLA နှင့် AA (၃)ဖွဲ့ကို စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီး ၁ လကျော်အကြာတွင် အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာတွင် အကြမ်းဖက်အုပ်စုအဖြစ်မှပယ်ဖျက်ခံရပြီးနောက် ထပ်မံ၍ အကြမ်းဖက်စာရင်းအသွင်းခံလိုက်ရသော AA ပြောခွင့်ရ ဦးခိုင်သုခကမူ သူရဲဘောကြောင်သော စစ်ကောင်စီသည် မွတ်စလင်အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ ရခိုင်ပြည်သူများအပေါ် နေ့စဥ်ကျူးလွန်နေသော ပြစ်မှုများကိုဖုံး ကွယ်ရန် ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်နိုင်ကြောင်း BBC မြန်မာပိုင်းသို့ ပြောဆိုထားသည်။
စစ်ကောင်စီကို အကြီးအကျယ် အထိနာစေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း တရုတ်ကြားဝင်မှုရှိခဲ့သော်လည်း လက်ရှိ မန္တလေးတိုင်းနယ်စပ်သို့ ထိုးစစ်ဆင်တိုက်ခိုက်နိုင်သည်အထိ အရှိန်အဟုန် ဆက်လက်ကောင်းနေ ဆဲဖြစ်သလို ညီနောင်မဟာမိတ်များ၏ ဂုဏ်သတင်းကိုလည်း ပိုမိုထင်ရှားစေခဲ့သည်။