Home ဆောင်းပါး လုံခြုံအောင် ထမ်းပိုးထားသော ရွာကလေး

လုံခြုံအောင် ထမ်းပိုးထားသော ရွာကလေး

677

လုံခြုံအောင် ထမ်းပိုးထားသော ရွာကလေး

( ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်)ကေအိုင်စီ

ရာသီအချိန်ကလည်း မိုးတွင်းကာလအလယ်၊ မြေနီလမ်းလေးမှာ ရွှံ့ဗွက်အိုင်များနှင့် ထူထပ်နေ၏။ ထိုလမ်းမ၏ ဘေးတစ်ဖက်တချက်တွင် ဟိုတစ်စု သည်တစ်စု လူများက ပေါက်တူး၊ ဂေါ်ပြား ကိုယ်စီဖြင့် သွားရေးလာရေး အဆင်ပြေစေရန် ရွာလမ်းမအလယ်ကို ကိုယ်ထူကိုယ်ထ မြေဖို့နေကြသည်။

အဆိုပါ လူစုသည် သောင်ရင်းမြစ်နံဘေး ကရင်ပြည်နယ် ကျေးရွာလေးတစ်ရွာတွင် နေထိုင်ကြသူများပင် ဖြစ်သည်။ ထိုထဲတွင် ဟိုယခင်ကတည်းက ဆယ်စုနှစ်ကျော် နေထိုင်သူများပါသလို အာဏာသိမ်းပြီးနောက်ပိုင်းမှ ပြည်တွင်းပဋိပက္ခများကြောင့် ရွှေ့ပြောင်းလာရောက်နေထိုင်သူများလည်း ပါသည်။

သူတို့သည် ရပ်ရွာအတွက်ဆိုလျှင် လူသစ် လူဟောင်း မခွဲခြားဘဲ အတူတကွ တက်ညီလက်ညီပါဝင်ကြသည်ကို မကြာခဏ တွေ့ရသည်။

အဆိုပါ ရွာသည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်မှုနယ်မြေတွင် တည်ရှိသည်။ လွန်ခဲ့သော နှစ် ၃၀ ကျော်ကတည်းက ပြည်တွင်း မငြိမ်သက်မှု စစ်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ထွက်ပြေးလာကြသည့် ကရင်လူမျိုးများက မြေအနည်းငယ် ညီသောနေရာတွင် ကျိုးတိုးကျဲတဲ အိမ်ကလေးတချို့ စတင်တည်ထောင်ခဲ့သော ရွာလေး ဖြစ်ပါသည်။

ထိုအချိန်တွင် လျှပ်စစ်မီး မရှိ၊ ဆေးရုံ ဆေးခန်း မရှိသော တောရွာလေးသာ ဖြစ်သော်လည်း ၂၀၁၄ နောက်ပိုင်းမှ စတင်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြန်လည်ထူထောင်ရေးအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ ဆေးခန်း များ၊ ဘာသာရေးကျောင်းများဖြင့် ရွာဖွဲ့စည်းပုံနှင့်အညီ တဖြည်းဖြည်း အသက်ဝင် စည်ကားလာခဲ့သည်။

စုံလင်ကွဲပြားတဲ့ ရွာကလေး
ထိုနယ်စပ်ရွာလေး၏ ထူးခြားချက်မှာ မတူကွဲပြားသည့် လူမျိုးဘာသာပေါင်းစုံ အတူတကွ ခိုလှုံနေထိုင်ရာ နေရာ ဖြစ်သလို အချင်းချင်း ရိုင်းပင်းကူညီကြရန် အဆင်သင့်ရှိသော ရွာလေးလည်း ဖြစ်သည်ဟု ရှေးဘိုးဘွားများ၏ လက်ဆင့်ကမ်း စကားများအရ သိရသည်။

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များ နေထိုင်သည့် ရွာဖြစ်ပြီး လက်ရှိစာရင်းများအရ လူဦးရေ (၈၄၀) ဝန်းကျင် နေထိုင်နေကြသည်။

“အရင်ရွာမဖြစ်ခင် အိမ်လေးတွေ စျေးဆိုင်တွေ အခုလိုမျိုး မရှိနေဘူး။ တိုက်ပွဲဖြစ်ရင် ပြေးလိုက် အခြေအနေငြိမ်ရင် ပြန်လာဝင်လိုက်။ ထိုင်းဘက် ဒုက္ခသည်စခန်းမှာပဲ ဆက်နေကြတာ ရှိတယ်။ ဒီရွာရဲ့ ရွာခံ စစ်စစ်တော့ ဘယ်သူမှ မရှိပါဘူး” ဟု အသက် (၅၈) နှစ်အရွယ် အဖိုးဝဲဒယ်က သစ်သားတဲလေးတစ်ခုပေါ်ရှိ ပုခက်ထဲတွင် ထိုင်ရင်း ရွာအကြောင်း တစေ့တစောင်းကို ပြန်ပြောင်းပြောသည်။

အဆိုပါရွာလေးသည် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပဋိပက္ခကြောင့် အနယ်နယ်အရပ်ရပ်မှ ထွက်ပြေးတိမ်းရှောင်လာသူများအတွက် ခေတ္တခိုလှုံရာ နေရာအဖြစ်လည်း ရှိခဲ့သည်။

ယခုလို မတိုးတက်သေးသော ရွာငယ်လေးဆီသို့ မထင်မှတ်ထားဘဲ အသက် ၅၄ နှစ်အရွယ် ဒေါ်စန်း တစ်ယောက် လာရောက်အခြေချခိုလှုံဖြစ်ခဲ့သည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်သည်။ အချို့သော လာရောက်ခိုလှုံသူများမှာ အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသော်လည်း ဒေါ်စန်းတစ်ယောက် ယခုအချိန်ထိ နေထိုင်နေဆဲဖြစ်သည်။

“နိုင်ငံရေးကြောင့် ထွက်လာတာ။ စလုပ်တော့ ရန်ကုန်တို့၊ အခြားနေရာတွေမှာ ခိုလှုံတော့ မလုံခြုံတော့ နောက် ဆုံးလုံခြုံတဲ့ ဒီရွာကို ရောက်လာတာ။ သားကလည်း ဒီမှာဆိုတော့ လာရောက်ဖြစ်သွားတာပေါ့” ဟု ဒေါ်စန်းက ရွာကလေးဆီ ရောက်လာပုံကို ဆိုသည်။

စစ်ကြောင့် ရှောင်တိမ်းလာရသူများကို ရွာတွင် အနေကြာသူများကလည်း ငြိုငြင်မှု မရှိဘဲ ကြိုဆိုကြသည်။

ရွာတွင် ၁၃ နှစ်ကြာ နေထိုင်လာခဲ့သူ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် အဖွား ဖီးရှောင်ကလည်း “နိုင်ငံရေးမှ မကောင်းတာ။ ကရင်‌‌ဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ် လာသမျှ လက်ခံရမှာပဲ။ မလာနဲ့လို့ ပြောလို့ မရဘူးလေ။ နိုင်ငံတစ်ခုထဲမှာ နေကြတဲ့ တိုင်းရင်းသားတွေပဲဟာ” ဟု သူမ၏ သဘောထားကို ပြောသည်။

မပြည့်စုံသော်လည်း နေပျော်
ဒေါ်စန်းတို့လို မြို့ကြီးမှ မတိုးတက်သေးသော တောရွာလေးဆီသို့ မထင်မှတ်ဘဲ လာရောက်ပြောင်း ရွှေ့နေထိုင်သူတို့တွင် အခက်အခဲ အချို့လည်း ရင်ဆိုင်ကြရသည်။

“အများကြီးကြုံရတာပေါ့။ နေစရာ အခက်အခဲ။ အစားအသောက်ဆိုလည်း ကိုယ်အရင် နေတုန်းကလို အသားငါးဆိုတာ မရှိဘူး။ နောက်တော့ သွားတာ လာတာကျတော့ တောင်တွေ များတော့ ကိုယ်တွေက မတတ်နိုင်ဘူးလေ။ ချိုးရေတွေရော။ မီးဆိုရင်လည်း ဆိုလာမီးကိုပဲ အားကိုးအားထားပြုရတော့ မိုးများတဲ့ ကာလတွေမှာ မီးအားနည်းတာတွေနဲ့ ကြုံရတာပေါ့” ဟု ဒေါ်စန်းက သူကြုံရသည်ကို ပြောသည်။

ထိုရွာလေးတွင် လက်ရှိ အချိန်အထိ လျှပ်စစ်မီး မရှိသေးဘဲ တတ်နိုင်သော တချိူ့အိမ်လေးများတွင်တော့ ဆိုလာပြား အသေးများနှင့် ဘက်ထရီအိုးကိုသာ အမှီပြုပြီး နေကြရသည်။ ဆိုလာပြား မတတ်နိုင်သည့် အိမ်များအဖို့မူ ဖယောင်းတိုင်အလင်းရောင်ကိုသာ အားကိုးနေကြရသည်။

ထိုသို့ မပြည့်စုံမှုများ ရှိနေသော်လည်း ရွာတွင် နေထိုင်သူများမှာ သဘာဝနဲ့ လိုက်လျောညီစွာ နေထိုင်ရသည်ကို ပျော်မွေ့ကြသည်ဟု ဆိုသည်။

“ရေတွေ မီးတွေ မပြည့်စုံပေမယ့် မိုးလုံလေလုံနဲ့ နေရတယ်။ လေကောင်းလေသန့်လည်း ရတယ်။ သွားရလာရတာလည်း လွတ်လပ်ပေါ့ပါးတယ်။ ကိုယ့်ရဲ့လုံခြုံမှု ရှိတယ်။ စားစရာမပြည့်စုံပေမယ့်လည်း ရှိတဲ့ဟာလေးနဲ့ ဝယ်ခြမ်းပြီး စားလို့ရတယ်။ ထွက်တဲ့ သီးနှံလေးတွေကို ဝယ်လို့ရတယ်။ အခုဆို နေပျော် လာတယ်။ စစရောက်ချင်းကတော့ နေမတတ်ဘူးလေ။ နောက်ပိုင်းကျတော့ ကိုယ့်ရပ်ကိုယ့်ရွာလို ဖြစ်သွားတယ်။ ငါတို့ ဒီလိုနေရတာလည်း တော်တော်ပြည့်စုံနေပြီလို့ ကိုယ့်ကိုယ်ကိုယ် ထင်တယ်” ဟု ဒေါ်စန်းက သူ့ခံစားချက်ကို ဆိုသည်။

ရွေးချယ်ခွင့်များနှင့် ပညာရေး
ထိုရွာကလေးသည် မဖွံ့ဖြိုးသေးသော်လည်း ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်နံဘေးတွင် တည်ရှိသောကြောင့် ကျောင်းနေအရွယ် ကလေးများအတွက် ရွေးချယ်စရာ ပညာရေးအခွင့်အလမ်းများ ရှိနေသည်။

KECD (ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန) ပညာရေးစနစ်ဖြင့် သင်ကြားသည့် အထက်တန်းအဆင့် ပညာရေးတွင် ၁၂ တန်းအထိ ရှိပြီး ယခုနှစ်ဆိုလျှင် စာသင်ကျောင်း မရှိသည့် ရွာများ၊ အခြေအနေ မတည်ငြိမ်သေးသည့် ဒေသများမှ ကျောင်းသားကျောင်းသူများပင် ကုန်းလမ်း၊ ရေလမ်း နှစ်မျိုး သုံး၍ ကျောင်းလာတက်ကြသည်။ နယ်ဝေးကျောင်းသားအများစုမှာ ဒီရွာကလေးမှာပင် အဆောင်နေရင်း ကျောင်းတက်ကြသူများလည်း ရှိသည်။

ထို့အပြင် နယ်စပ်တွင်ရှိသော ရွာလေးမို့ တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းသို့ နေ့စဉ်ကူး၍ ကျောင်းသွားတက်နေသည့် ကလေးများလည်း ရှိနေသည်။

ရွာခံ အုပ်ထိန်းသူ အမျိုးသမီးတစ်ဦးက “ကလေးတွေကိုတော့ ဟိုဘက်ကမ်းက ကျောင်းမှာ ထားတယ်။ ကိုယ့်ကလေးတွေက ထိုင်းဘက်မှာ သွားမွေးထား‌တော့ မွေးစာရင်း မှတ်ပုံတင်ရတော့ ရတဲ့အထိ လုပ်ရမှာပေါ့” ဟု ဆိုသည်။

ပြည့်စုံသည့် ကျန်းမာရေးစောင့်ရှောက်မှု
တဖန် ထိုရွာတွင် ၂၀၁၆ ခုနှစ်က ဖားအံခရိုင် ကျန်းမာရေးအဖွဲ့အစည်းမှ လာရောက်ဖွင့်လှစ်ထားသည့် ဆေးပေးခန်းကိုသာ တစ်ရွာလုံးက မှီခိုအားထားခဲ့ကြရသည်။ ထိုအချိန်က ဆေးဝါးနှင့် ကုသရန် ကိရိယာ မလုံလောက်ဘဲ လည်ပတ်ခဲ့ရကြောင်းကို ကျေးရွာရပ်မိရပ်ဖများ၏ ပြောစကားအရ သိရသည်။

“အရင်ကဆို ရွာဆေးပေးခန်း တစ်ခုပဲ ရှိတယ်။ ဆေးပေးခန်းမှာဆိုလည်း ဆေးမပြည့်စုံဘူး။ ဖြစ်နေတဲ့ ရောဂါနဲ့ ကုမယ့် ဆေးနဲ့က မဆိုင်ဘူး” ဟု ရွာတွင် ဆယ်နှစ်နီပါး နေထိုင်နေသူ ကရင်တိုင်းရင်းသူ နော်မူးက ပြောသည်။

၂၀၁၉ တွင်တော့ တောင်ကိုရီးယားက ခရစ်ယာန်ဘာသာရေးအခြေပြုအဖွဲ့အစည်း အကူအညီဖြင့် ကော်သူးလေကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနနှင့် မိတ်ဖက်ဆေးခန်းတို့ ကမကထပြုကာ ရပ်ရွာဆေးရုံကြီးကို စတင်တည်ဆောက်ခဲ့သည်။ အဆိုပါဆေးရုံကို ဘတ်ငွေ (၂၈) သိန်းဖြင့် ထိုင်းမှ ဆောက်လုပ်ရေးပညာရှင်များက လာဆောက်ပေးသွားသောကြောင့် လက်ရှိအချိန်တွင် ဒေသခံများအတွက် ကျန်းမာရေးမှာ ပူပင်စရာ မလိုတော့သည့် အခြေအနေဖြစ်သည်။

မြစ်နံဘေးနားက ရေရှားတဲ့ ရွာ
ထိုသို့ ပညာရေးနှင့် ကျန်းမာရေးအတွက် အားသာချက်များ ရှိနေသော်လည်း ထိုရွာ‌လေးတွင် လိုအပ်ချက်နှင့် စိန်ခေါ်မှုများတော့ ရှိနေသေးသည်။ ဤသည်က သောင်ရင်းမြစ်နံဘေးတွင် ရှိနေသော်လည်း ရေရှားပါးနေခြင်းပြင် ဖြစ်သည်။ ရွာရှိ ဒေသခံများသည် အဓိကအားဖြင့် တောင်ကျရေကို ပိုက်သွယ်၍ အားပြု သုံးကြရသည်။

ရေရှားချိန်ဆို သောင်ရင်းမြစ်နံဘေးတွေ တောင်ကျရေကို ပိုက်သွယ်၍ သုံးကြ ချိုးကြ ရေခပ်ကြသူများနှင့် နံနက်ခင်းနှင့် ညနေပိုင်းများတွင် စည်ကားနေလေ့ရှိသည်။

သောင်ရင်းမြစ်ကမ်းဘေးမှာ ရှိသည့် ရွာဖြစ်သောကြောင့် သောက်သုံးရေအတွက်ကိုမူ အဝီစိတွင်း တူးမရနိုင်ဘဲ ရွာအနောက်ဘက်ရှိ မဲတူချောင်းမှ ရေကိုသာ သွယ်တန်း သိုလှောင်သုံးစွဲကြရသည်။ ၎င်းရေလှောင်ကန်မှတဆင့် ရွာထဲသို့ တစ်နေ့လျှင် နှစ်ကြိမ် ရေကို ပြန်ဖြန့်ပေးသည့် စနစ်ဖြင့် ရေကို သုံးစွဲကြသည်လည်း ရှိသည်။

နွေရာသီဆိုလျှင် တောင်ကျရေခမ်းခြောက်မှုကြောင့် ‌ရေရှားပါးမှုဖြစ်တတ်ပြီး နှစ်ရာနီးပါးရှိသည့် အိမ်ခြေ အားလုံးအတွက် ရေရရှိမှု မလုံလောက်သည့် အခြေအနေကို ရင်ဆိုင်ကြရသည်။ မိုးရာသီဆိုလျှင်လည်း မြစ်ရေကြီးချိန်ဆို ရေနောက်သည့် ဒဏ်ကြောင့် ရွာခံများမှာ မသန့်ရှင်းသည့် ရေများကိုသာ သုံးကြရသည်။

“စရောက်ပြီး တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါးလောက်မှ ရေတွေ အဆင်ပြေလာတယ်။ ရေပိုက်တွေ သွယ် လာနိုင်ကြပြီးပေါ့။ အရင်ကဆို ရေက နှစ်ရက်ခြားမှ တစ်ခါပဲ ပေးနိုင်တယ်။ အခုဆို တစ်နေ့ကို တစ်ကြိမ် ပေးနိုင်လာတယ်” လို့ ဒေါ်စန်းက သူရောက်စ အခြေအနေနှင့် ယှဉ်ပြောသည်။

သဘာဝအတိုင်း မိုးများ၊ ရေကြီးခြင်းနှင့် အပင်ကျိုးကျမှုများကြောင့် ရေပိုက်ပျက်ခြင်း၊ နွေရာသီ တောမီး လောင်ချိန်ဆိုလျှင် ပိုက်များ မီးလောင်ကျွမ်းခြင်းတို့ကိုတော့ မကြာခဏကြုံတွေ့ကြရသည်။ ထိုသို့သော နှစ်စဉ် ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရန် ရွာခံများက ငွေအား၊ လူအားဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ စိန်ခေါ်မှု ရှိနေဆဲဖြစ်သည်။

ကုန်းတတန် ရေတတန်
ထိုရွာကလေးသို့ ရောက်ရှိရန်မှာမူ လမ်းပန်းဆက်သွယ်ရေးကတော့ ခက်ခဲနေဆဲဖြစ်သည်။ နွေရာသီနှင့် ဆောင်းရာသီတွင် လမ်းခရီးကောင်းမွန်သော်လည်း မိုးတွင်းတွင်တော့ ရွာကို ပေါက်သည့် တောင်ပတ်လမ်းများမှာ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ကြောင့် ရွာထဲတွင်ပင် ကားတစ်တန် လှေတစ်တန်ဖြင့် သွားလာကြရသည်။

လမ်းပန်းဆက်သွယ်ရေးမကောင်းသောကြောင့် သွားလာရေးစရိတ်များပါ မြင့်တက်မှုများ ကြုံကြရသည်။ လမ်းကောင်းချိန်ဆို ရွာကနေ ဖားအံထိ လမ်းစရိတ် တစ်ဦး ကျပ်ငါးသောင်းပေးလျှင် တိုက်ရိုက်ရောက်သော်လည်း မိုးတွင်း လမ်းမကောင်းချိန်တွင် တစ်ဆင့်ချင်း သွားရသည့်အတွက် လမ်းစရိတ်က နှစ်ဆလောက် မြင့်တက်လေ့ရှိသည်။ ထို့ကြောင့် ရွာအတွက် ကူးသန်းရောင်းဝယ်ရေးတွင် နှောင့်နှေးခဲ့ရပါသည်။ ထို့ကြောင့် နယ်စပ်တွင် နေထိုင်သူများ ဖြစ်သော်လည်း ပြည်တွင်းနှင် ဆက်သွယ်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ရန်သာ မျှော်လင့်နေကြသည်။

“လမ်းတွေဆိုလည်း သေချာ ခင်းစေချင်တယ်။ အခုမိုးရာသီဆိုတော့ ဗွက်ထတယ်လေ။ ကျောက်နဲ့ဖြစ်ဖြစ် အုတ်နီခဲနဲ့ဖြစ်ဖြစ် သပ်သပ်ရပ်ရပ် ဖြစ်စေချင်တယ်။ နောက်ပြီး ဒီက ထွက်တဲ့ ထွက်ကုန်တွေကို ကိုယ်တိုင် များများ ထုတ်စေချင်တယ်။ နောက်ဒီဘက်ကို မရောက်နိုင်တဲ့ ပစ္စည်းတွေကိုလည်း ဈေးသက်သက်သာသာနဲ့ ရောင်းစေချင်တယ်” ဟု ကုန်စုံဆိုင် ဖွင့်ထားသည့် ဒေသခံအမျိုးသမီးတစ်ဦးက သူဖြစ်စေချင်သည်ကို ပြောသည်။

ဒေါနတောင်ခြေတစ်နေရာက အဆိုပါ နယ်စပ်ရွာလေးသည် ကဏ္ဍပေါင်းစုံ လိုအပ်ချက်များ ရှိနေသေးသော်လည်း ရပ်ရွာဖွံ့ဖြိုးရေးအတွက် စုံလင်ကွဲပြားသူများ၏ ပါဝင်မှုဖြင့် ကွက်လပ်ဖြည့်နေကြဆဲဖြစ်သည်။

ပြည်နယ်တွင်း ပဋိပက္ခများကြောင့် လာရောက်ခိုလှုံသူ၊ ခေတ္တနားခိုသူ၊ ဖြတ်သန်းသွားလာသူများအတွက်လည်း ထိုရွာကလေးက ဆက်လက် ထမ်းပိုးနေဆဲပင်။