Home သတင်း ဘီးလင်းမြို့အဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်း အမျိုးသမီး(၂)‌ဦးအပါအဝင် (၃)ဦး ဒဏ်ရာရ

ဘီးလင်းမြို့အဝင်ဂိတ် ပစ်ခတ်ခံရပြီး ဝန်ထမ်း အမျိုးသမီး(၂)‌ဦးအပါအဝင် (၃)ဦး ဒဏ်ရာရ

588
Photo: CJ ( ဘီးလင်းတိုးဂိတ်တစ် နေရာ-ပုံ ဟောင်း)

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မှကျိုက်ထိုမြို့အထွက် နောင်ရိုး စည်ပင်ဘီးခွန်ဂိတ်ရှိ တာဝန်ကျဝန်ထမ်း အမျိုးသမီး(၂)‌ဦးအပါအဝင် (၅)ဦး၊ ယမန်နေ့ ဩဂုတ်လ(၁၂)ရက်နေ့ ညပိုင်းက ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ညနေ (၆)နာရီဝန်းကျင်က ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် အခွန်ကောက်ခံနေသော အဆိုပါဂိတ်အား လက်နက်ကိုင်အဖွဲ့မှ မော်တော်ယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းအမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၃)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

“ကားတွေကိုမြို့ဝင်ကြေးတောင်းတဲ့စည်ပင်ဂိတ်ပါ၊ ရှိတာက ဝန်ထမ်း ၇ ယောက်၊ ၅ ယောက်ဒဏ်ရာရသွားတယ်။ နေ့စား အရပ်သားတွေပဲ။ ဘီးလင်းဆေးရုံတင်ထားလိုက်ပြီ စိုးတော့မစိုးရိမ်ရဘူး။ အဲဒီဂိတ်ဘေးနားမှာ စစ်တပ်ဂိတ်ရှိတယ် အများဆုံးကွာမှ ၁၀ ပေလောက်ပဲ။ သူ့ဘေးက စစ်တပ်ဂိတ်ကိုတော့မပစ်သွားဘူး။” ဟု ၎င်းအမျိုးသားက ပြောသည်။၏

ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်အတွင်းရှိ အဆိုပါဂိတ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ တင်ဒါအောင်ထားသော မန္တလာမိသားစုကုမ္ပဏီ(Family Mandalar co.,Ltd) က တာဝန်ယူလုပ်ကိုင်နေခြင်းလည်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါပစ်ခတ်မှုကို ခရိုင်အတွင်းစစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်း တပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီအပါအဝင် ၎င်းလက်အောက်ခံဝန်ထမ်းများမှ ခရီးသွားပြည်သူ များအား ‌မတရားငွေကြေးကောက်ခံသဖြင့် ပစ်ခတ်ခဲ့‌ခြင်းဖြစ်ကြောင်းလည်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

၎င်းက “ဟုတ်ကဲ့ မစ်ရှင်လုပ်တာကတော့ PDF တော်လှန်ရေးပူးပေါင်းအဖွဲ့ကလုပ်တာပါ။ ရည်ရွယ်ချက် က အဲဒီဂိတ်မှာတာဝန်ကျနေတဲ့ စကစ(စစ်‌ကောင်စီ)အပါအဝင် လက်အောက်ခံ ဝန်ထမ်းတွေက ခရီး သွားပြည်သူလူထုရဲ့ မော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြစစ်ဆေးတာတွေ လုပ်မယ့် တာဝန်တွေကိုကျော်လွန်ပြီး မတရားငွေတောင်းခံနေတာကြောင့် ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းမီဒီယာများဘက်တွင် ပူးပေါင်းအဖွဲ့ လိုက်ပါလာသည့်မော်တော်ယာဉ်သွားရာ လမ်းကြောင်းသို့ လိုက်လံစုံစမ်းနေသည်ဟု ‌ဖော်ပြရေးသားထားသည်။

၂၀၁၇ ခုနှစ်က စည်ပင်မှ တင်ဒါ‌အောင်ထားသော ရွှေသံလွင်ကုမ္ပဏီက မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးကောက်ခံခြင်းကို ရပ်တန့်လိုက်ပြီးနောက် မြို့နယ်အသီးသီးတွင် မြို့ဝင်‌ကြေးကောက်သည့် ဂိတ်ပေါင်း(၁၇)ဂိတ်အထိရှိလာသလို စည်ပင်ဝန်ထမ်းနှင့်နေ့စားဝန်ထမ်းများက တာဝန်ယူ အခွန်ကောက်ခံနေကြခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

မွန်ပြည်နယ်အတွင်း အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ဌာနဆိုင်ရာ ဂိတ်စခန်းအများစုမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်‌ခံရလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလပိုင်းကလည်း ဘီးလင်းမြို့အဝင်ရှိ စစ်ကောင်စီ၏ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ထုတ်ပြန်ချက်အရ သိရသည်။