Home ဆောင်းပါး ယုံကြည်ချက်အတွက် လောကဓံကို အပြုံးမပျက် ရင်ဆိုင်နေသူ

ယုံကြည်ချက်အတွက် လောကဓံကို အပြုံးမပျက် ရင်ဆိုင်နေသူ

560

ယုံကြည်ချက်အတွက် လောကဓံကို အပြုံးမပျက် ရင်ဆိုင်နေသူ

နန့်ဆန်းထီ (ဩဂုတ် ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ)

ပေါင်ပေါ်တင်ထားတဲ့ စာရင်းစာအုပ်ထဲက ကိန်းဂဏန်းတွေကို တလှည့်၊ ကွန်ပျူတာစခရင်ပေါ်ကို တလှည့် အာရုံစိုက်နေရင်းမှ ကွန်ပျူတာကီးဘုတ်ပေါ်က လက်တစ်စုံကို ဟိုဟိုသည်သည် ရွေ့လျား လှုပ်ရှားနေသူ အမျိုးသမီးကြီးတစ်ဦး။

မျက်နှာပေါ်တပ်ဆင်ထားတဲ့ ခပ်နွမ်းနွမ်း မျက်မှန်တစ်စုံရဲ့နောက်မှာ ဇရာကြောင့်သိသာနေတဲ့ အသက် ၅၀ ကျော်အရွယ် မျက်ဝန်းပိုင်ရှင်ကို ရင်းနှီးသူတိုင်းက ဒေါ်အေးမိလို့ ခေါ်ဆိုကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အိမ်နောက်ဖေး မီးဖိုချောင်မှာ ကြက်သွန်လှီးနေတဲ့အခြေအနေကနေ ဒီနေ့ သူမ အကျွမ်းတဝင်ရှိခဲ့တဲ့ စာရင်းဇယားတွေကြား ဒေါ်အေးမိဟာ ခေါင်းငုံ့ အာရုံစိုက်လျက် အလုပ်ရှုပ်နေသည့်ဟန်။

အသက်(၅၄)နှစ်အရွယ်အထိ တစ်ကြိမ်တစ်ခါမှ မရောက်ဖူးတဲ့ လွတ်မြောက်နယ်မြေ တစ်နေရာမှာ သူမက အဆင်ပြေအောင် နေသားတကျနေထိုင်ရင်း စစ်အစိုးရ၊ အရပ်သားအစိုးရ လက်ထက်တွေမှာ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က ရုံးဝန်ထမ်းလုပ်ခဲ့တယ်ဆိုတာကိုတောင် မေ့လုလု ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့နဲ့ဆို စစ်တပ်အာဏာသိမ်းလိုက်လို့ ရပ်တည်ချက်တူညီတဲ့ လုပ်ဖော်ကိုင်ဖက် တချို့နဲ့အတူ အကြမ်း မဖက်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ခဲ့တာ (၃)နှစ်နဲ့(၅) လရှိခဲ့ပြီလို့ အကြီးတန်း စာရေး ရာထူးနဲ့ လုပ်သက်နှစ်ပေါင်း (၂၀)ကျော်ရှိတဲ့ ရန်ကုန်သူ ဒေါ်အေးမိက လုပ်လက်စအလုပ်ကို လက်စ သတ်ရင်း ပြောပြပါတယ်။

“အရင်က ရုံးပိုင်းလုပ်ခဲ့တာ ဝန်ထမ်းကိစ္စတွေ၊ စာရင်းဇယားပိုင်းတွေ တာဝန်ယူလုပ်ပေးရတယ်။ အခု ကတော့ အဖွဲ့အစည်းတစ်ခုရဲ့ပရောဂျက်အောက်မှာ တာဝန်ခံအနေနဲ့လုပ်နေတယ်။ (၃)လပေါ့ ၊ အခု လုပ်တာ တစ်လတောင်မရှိသေးဘူး။ အလုပ်ပြန်လုပ်ရတာ ပျော်တယ်။ အလုပ်လုပ်နေရတော့ မနက် ထလာနဲ့တင် ငါအလုပ်ရှိတယ်။ ငါအလုပ်သွားရမယ်ဆိုတဲ့စိတ်ဖြစ်မိတယ်။ တာဝန်ကျေကျေနဲ့ လုပ်ချင်တယ်။” လို့ သူမက ပြောပါတယ်။

အတူနေ မိသားစု(၄)ယောက်ရှိတဲ့အနက် နာတာရှည်ရောဂါခံစားနေရတဲ့အမျိုးသားဖြစ်သူဆုံးပြီး သိပ်မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းသွားလို့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့ကစပြီး CDM လုပ်လိုက်တဲ့ ဒေါ်အေးမိဟာ ဝန်ထမ်းအိမ်ယာတစ်ခုတည်းအတူနေ စစ်တပ်ထောက်ခံသူတစ်ဦးရဲ့ တိုင်ကြားခံရရာက ဇာတိမြေဖြစ်တဲ့ ရန်ကုန်မြို့က ဧပြီလ ( ၂၂) ရက်နေ့မှာ စွန့်ခွာလာခဲ့ရတယ်။

သူမအပါအဝင် ကျန်တဲ့မိသားစု(၃)ယောက်နဲ့ လက်ရှိနေနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေ မရောက်ခင်ကာလ ရန်ကုန်နဲ့ ဧရာဝတီတိုင်းက ဆွေမျိုး၊ မိတ်ဆွေတွေရှိတဲ့နေရာမှာ ပြောင်းလဲ နေထိုင် လိုက်ရသေးတယ်လို့ ဒေါ်အေးမိက အလှည့်အပြောင်းများတဲ့ သူမဘဝကို ပြောပြပါတယ်။

စစ်တပ်က အာဏာရှင်ဆန်ဆန်ပြုမှုတာကို မကြိုက်လို့ ဆန္ဒပြတဲ့အနေနဲ့ CDM လုပ်ခဲ့တာလို့ ဆိုလာသူ ဒေါ်အေးမိဟာ ရောက်ကာစက စိတ်အတက်အကျများတဲ့အခြေအနေတော့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“CDM လုပ်ပြီးဒီနယ်မြေရောက်လာကာစ အလုပ်မရှိဘူးဆိုတဲ့စိတ်နဲ့ တစ်မျိုးကြီးပဲ ။ အလုပ် မရှိတော့ ဝင်ငွေကမရှိဘူး။ တစ်ခါတလေကျရင် ငါဘယ်လိုစားရမလဲ ၊ ကြာကြာဘယ်လိုရပ်တည် နိုင်မလဲလို့ တွေး မိတယ်။ ငါ CDM လုပ်ခဲ့တာ နောင်တမရဘူးလို့ ကိုယ့်ကိုယ်ကို ပြောနေပေမယ့် တစ်ခါတလေ စိတ်ဓာတ်ကလည်း ကျတယ်။ ကျတဲ့စိတ်ကို ပြန်မြှင့်တင်ပြီး နေခဲ့ရတယ်” လို့ ဒေါ်အေးမိက ပြောပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့(၃)လတာ ပရောဂျက်အောက်မှာ ရုံးဝန်ထမ်းနေရာလစ်လပ်နေလို့ အလုပ်ပြန် လုပ်ခွင့်ရခဲ့တဲ့ ဒေါ်အေးမိက CDM လုပ်ပြီး တစ်နှစ်မပြည့်ခင်အထိတော့ ကျောင်းသား သမဂ္ဂတွေရဲ့ အကူ အညီနဲ့ အစိမ်းသက်သက်နယ်မြေမှာ ရပ်တည်လို့ ရခဲ့တာပါ။

အထောက်အပံ့ရရှိမှု ပြတ်တောက်သွားတဲ့ ၂၀၂၂ နှစ်၊ နှစ်ဆန်းပိုင်းကနေ လက်ရှိအချိန်ထိ ကြားထဲမှာ ခိုလှုံခွင့်ပေးသူ နယ်မြေတာဝန်ခံတွေ၊ ဝေငှပေးတဲ့ ရိက္ခာကို လောက်ငှအောင်စားသုံးရင်း အပိုဝင်ငွေမရှိ အလုပ်လက်မဲ့ဘဝနဲ့ ရှင်သန်ခဲ့ရတယ်လို့လည်း သူမက ဆိုပါတယ်။

“အဲဒီအချိန်တုန်းက သူများထောက်ပံ့မျှော်စားနေရတဲ့ ဘဝဆိုတော့ လက်ထဲရှိတာကိုချွေတာပြီး စားရ တယ်။ အသိမိတ်ဆွေတွေက ကူညီပေးမယ်ပြောပေမယ့် သူတို့ဆီကလည်း မလိုချင်ဘူးလေ၊ ဒီမှာက စီးပွားရေးလုပ်ဖို့ အဆင်မပြေတော့ဒီလိုပဲ နေရတယ်။ အတူတူလာတဲ့သူတွေထဲမှာ စစ်သင်တန်း တက်ဖို့ လာတဲ့ကလေးတွေကိုလည်း ရှိတာလေးနဲ့ပြန်မျှတကျွေးရတယ်။ ဒီနယ်မြေက ရတဲ့ရိက္ခာက လည်းအ ထောက်အပံ့ပြုတယ်လေ၊ ကုန်ဈေးနှုန်းလည်း အခုလောက်မတက်သေးဘူး” လို့ သူမက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစလို့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတဲ့ လှုပ်ရှားမှု CDM မှာ ဒေါ်အေးမိတို့လို ကျန်းမာရေးဝန်ကြီးဌာနလက်အောက်က ဝန်ထမ်းတွေဟာ ပထမဦးဆုံး ဌာနဆိုင်ရာဝန်ထမ်းအင်အားစုအဖြစ် ပါဝင်ခဲ့ကြတာပါ။

အာဏာသိမ်းနှစ်စမှာ CDM ဝန်ထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးတာ၊ အကြမ်းဖက်မှု ပုဒ်မတပ်ပြီး အရေးယူတာတွေ ပိုလုပ်ခဲ့တာကြောင့် ဝန်ထမ်းပေါင်းများစွာဟာ ပြစ်မှုမဲ့ ဝရမ်းပြေးဘဝနဲ့ လွတ်မြောက်နယ်မြေလို့ ခေါ်ကြတဲ့ စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်ကင်းရာ နယ်စပ်ဒေသတွေထဲကို ပြေးဝင်ခဲ့ကြပါတယ်။

ဒေါနတောင်တန်းတွေ ပတ်လည်ဝိုင်းထားတဲ့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နံဘေးက ဒေါ်အေးမိ လက်ရှိ ခိုလှုံရာဒေသဟာ မြန်မာစစ်အာဏာရှင် အစိုးရအဆက်ဆက်က သူပုန်နယ်မြေရယ်လို့ စစ်တပ် ဝါဒဖြန့်မီဒီယာတွေမှာ တွင်တွင်ကျယ်ကျယ်သုံး ဝါဒဖြန့်လာတဲ့နယ်မြေလည်း ဖြစ်ပါတယ်။

ဒေါ်အေးမိက ဆက်လက်ပြီး “ဒီကိုလာတော့ နယ်မြေတာဝန်ခံကလာခေါ်ပေးတယ်။ လမ်းမှာဖမ်းခံရမှာ သိပ်မကြောက်ဘူး။ စစ်တပ်ဂိတ်တွေကိုရှောင်ပြီး တောလမ်းကနေလာရတာ လမ်းတော့ကြမ်းတာပေါ့ ။ ရောက်တော့ ကိုဗစ်ကွာရန်တင်း အရင်ဝင်ပြီးမှ ဝါးခြမ်းခင်းနဲ့ CDM စခန်းလေးတွေမှာ ထားပေးတယ်။ မိုး တော့ အရမ်းမလုံဘူးပေါ့။ မိုးရွာရင်ရေကရွှတ်ပတ်နဲ့တော်တော်ဒုက္ခရောက်ခဲ့ရတာ၊ ပြီးတော့မှ ကိုယ့်အတွက်ဆိုပြီး နေစရာအိမ်လေးတစ်ခုရလာတယ်” လို့ ဆိုပါတယ်။

CDM တွေအတွက် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေက တာဝန်ခံတွေယာယီ ဆောက် လုပ်ပေးထားတဲ့ စခန်းကနေ ကွာရန်တင်းရက်ပြည့်လို့ ပြောင်းခွင့်ရချိန်မှာတော့ ဒေါ်အေးမိနဲ့ သူမရဲ့ မိသားစုအပြင် နောက်ထပ် မိသားစု (၃)စု၊ စုစုပေါင်း မိသားစု(၄)စုဟာ နေအိမ်တစ်အိမ်မှာ အတူနေခွင့်ရခဲ့ပါတယ်။

မိသားစုလိုက်ပြောင်းရွှေ့လာကြတာတွေ များပြားလို့ နယ်မြေတာဝန်ခံတွေက သင့်တော်သလို စီစဥ်နေရာချထားပေးတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ရောက်တဲ့အချိန်မှာတော့ သူမနဲ့ အတူနေတဲ့ မိသားစုတွေဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံထဲကို ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်လို့ အတူနေခဲ့ရတဲ့ အိမ်မှာ အခုတော့ ဒေါ်အေးမိနဲ့ သူမရဲ့မိသားစုသာ ကျန်ရှိတော့တယ်။

ဗီဇာ၊ ပတ်စ်ပို့ ပြစရာမလိုဘဲ မြစ်ကို ဖြတ်ကူးပြီးတာနဲ့ ထိုင်းနိုင်ငံကိုရောက်ဖို့ လွယ်ကူပေမယ့် အထောက် အထားမရှိ၊ အထောက်အထားလုပ်ဖို့ ငွေကြေးမရှိတဲ့ ခိုလှုံသူတွေအတွက်ကတော့ ထိုင်းအာဏာပိုင် အစစ်အဆေးရှိတဲ့နေရာတွေကို ဝင်ထွက်သွားလာဖို့က လွယ်တဲ့အလုပ် မဟုတ်ပြန်ပါဘူး။

သို့ပေမယ့် လွတ်မြောက်နယ်မြေရောက်ပြီဆိုတဲ့အသိနဲ့တင် ပြည်တွင်းမှာ အစစ်အဆေးများလို့ ဘယ်တော့များအဖမ်းခံရမလဲဆိုတဲ့စိုးရိမ်မှု၊ ကျီးလန့်စာစားနေရတဲ့ဘဝက အခုတော့ ရှူရတဲ့လေကအစ စိတ်ပေါ့ပါးသွားရတယ်လို့ သူမရဲ့ ရောက်ကာစ စိတ်ခံစားမှုကို ဒေါ်အေးမိက ပြောပြပါတယ်။

တော်လှန်ရေးကာလထဲမှာ CDM ဝန်ထမ်းတွေအပါအဝင် လူငယ်၊ လူရွယ်တွေ ပညာတတ် တွေများစွာဟာ တရားတဲ့ဘက်ကရပ်တည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နဂိုရှိထားတဲ့ ရာထူးနေရာ၊ အဆင့်အတန်း၊ ပစ္စည်းဥစ္စာတွေကိုစွန့်လွှတ်လိုက်ဖို့လည်း ဝန်မလေးခဲ့ကြပါဘူး။

အဲဒီလိုပဲ အစိုးရဝန်ထမ်းအများစုရဲ့ အစိုးရလက်အောက် ဝန်ထမ်းဝင်လုပ်ရတဲ့ ရည်ရွယ်ချက်က အသက် (၆၀)ပြည့်ရင် ရမယ့် မဖြစ်စလောက် ပင်စင်လစာနဲ့ ဝန်ထမ်းဖြစ်နေသ၍ ပံ့ပိုးပေးတဲ့ ဝန်ထမ်းအိမ်ရာကို မျှော်ကိုး ရပ်တည်နေကြတာပါ။

ဒီထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒေါ်အေးမိဟာလည်း CDM လုပ်လိုက်ကတည်းက နေစရာအိမ်ဆုံးရှုံးမှု၊ ပုံမှန်လစာဆုံးရှုံးမှုတို့အပြင် သူမရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ ပင်စင်ရပြီးရင် ရတဲ့ငွေလေးကို ရင်းနှီးပြီး အေးအေးဆေးဆေး ဈေးရောင်းစားမယ်ဆိုတဲ့ စိတ်ကူးကိုပါ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို အားလုံးကိုပစ်ပြီး CDM လုပ်ဖို့ရွေးချယ်ခဲ့တာ သူမနဲ့အတူ ဆန္ဒသဘောထားတူတဲ့ မိသားစုကြောင့် ပါတယ်လို့ လည်း ဒေါ်အေးမိက ဖွင့်ဟဂုဏ်ယူနေပါတယ်။

ဒေါ်အေးမိနဲ့အတူ ပြေးလွှားလာရတဲ့ အသက် (၇၅) နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်ခင်မေကြီးက “စစ်အစိုးရ လုပ်နေတာတွေကိုမကြိုက်လို့ သူ(ဒေါ်အေးမိ) CDM လုပ်မယ်လို့ပြောလာတာကို အားပေးခဲ့တာ ဒီရောက်တော့ နေစရာအဆင်ပြေပေမယ့် ဝင်ငွေမရှိတော့ စားသောက်ရေးရော ဆေးဖိုးဝါးခရော အခက်အခဲရှိခဲ့တယ်။ ဒါပေမဲ့ သူ့ပိုက်ဆံပြတ်သွားတဲ့အချိန် ကျမရတဲ့ ပင်စင်လာစာနဲ့စားသောက်လို့ ရလို့တော်သေးတယ်” လို့ ပြောပြပါတယ်။

စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှာ အစိုးရဖွဲ့စည်းမှုနဲ့အတူ စစ်ကောင်စီနဲ့ စင်ပြိုင်အစိုးရဖြစ်လာတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ-NUG ရဲ့အဆိုအရ သူတို့ဆီမှာ စာရင်းပေး သွင်းထားတဲ့ တစ်နိုင်ငံလုံးက CDM ဝန်ထမ်းပေါင်း ၄ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

NUG အနေနဲ့လည်း အာဏာသိမ်းဖို့ကြိုးပမ်းမှုကျဆုံးရခြင်းရဲ့ ပထမဆုံးအကြောင်းအရင်းဖြစ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူအချို့အတွက် ထောက်ပံ့ငွေပေးတာ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နိုင်အောင် ရင်းနှီးမတည်ငွေထုတ်ပေးတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေးတာ စတာတွေ လုပ်ကိုင်ခဲ့တယ်လို့ ဒေသသတင်းမီဒီယာတွေကတဆင့် ပြောထားပါတယ်။

NUG က ထောက်ပံ့တဲ့ ထောက်ပံ့ငွေ တစ်ကြိမ်ရရှိဖူးတယ်လို့ ဆိုလာသူ ဒေါ်အေးမိကတော့ NUG ဆီက CDM ထောက်ပံ့ကြေးကို အာဏာသိမ်းကတည်းက တစ်ကြိမ်ကလွဲရင်ထပ်ရတာမျိုး မရှိသလို သူမရဲ့အသိမိတ်ဆွေ CDM ဝန်ထမ်းတချို့လည်း အလားတူပဲလို့ ဝေငှပြောဆိုပါတယ်။

လွတ်မြောက်နယ်မြေရောက် တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် ရောက်တဲ့နေရာမှာ ရရာလက်နက် ကိုင်စွဲပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ကြတဲ့ ခုခံတွန်းလှန်စစ်တွေ စတင်လာချိန်မှာတော့ စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေရှိတဲ့အရပ်ကို ဝင်ရောက်ဖမ်းဆီးတာ၊ နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ နေရာအနီးတဝိုက်ကို လက်နက်ကြီးအပါအဝင် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ တွေ လုပ်ဆောင်လာပါတယ်။

အဲဒီလိုအခြေအနေကြောင့် ထိုင်းနိုင်ငံလေဆိပ်ကို ဆိုက်ဖို့ နယ်စပ်ဖြတ်သန်းလာတဲ့ လေယာဥ် သံကြားရင်တောင် ERO နယ်မြေမှာ ခိုလှုံနေတဲ့ ဒေါ်အေးမိတို့လို ခိုလှုံသူတွေရော ဒေသခံတွေပါ သတိကြီးကြီးထားပြီး အိပ်စက်ရတယ်လို့ သူမရဲ့အတွေ့အကြုံကိုပြောပြပါတယ်။

သူမက “ဒီမှာ စစ်သင်တန်းတွေ ဖွင့်တော့ စစ်တပ်လေယာဥ်တွေလာဝဲတာ အဲဒီတုန်းက လေယာဥ်နဲ့ ပစ်မှာကြောက်တယ်၊ တစ်ခါမှလည်းမကြုံဖူးဘူး။ ဒီကရွာသားတွေနဲ့အတူ ဟိုဘက်ကမ်းမှာ ခဏပြေး အိပ်ရတယ်။ CDM တွေကို ဖမ်းတုန်းမို့လို့ ပြည်တွင်းလည်း ပြန်မဆင်းရဲပါဘူး ။ ဒီမှာသူများ ဓာတ်ပုံလာရိုက်ရင်တောင် ကိုယ့်မျက်နှာမပါအောင်ရှောင်နေရတယ်။ ထိုင်းဘက်ကူးဖို့ကျ တော့လည်း ပိုက်ဆံကမရှိ စကားကမပေါက်ဆိုတော့ ဘာကူးလုပ်မလဲ” လို့ ဆိုပါတယ်။

လျှပ်စစ်မီးမရလို့ ဆိုလာကိုသာ အားထား အသုံးပြုနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသမှာ နယ်မြေခံတာဝန်ရှိသူက နေထိုင်ခွင့်ပေးထားပေးတဲ့ အဖြူရောင် လုံးချင်းတိုက်ခံအိမ်လေးဟာ ဒေါ်အေးမိတို့လို အိုးပစ်အိမ်ပစ် ခိုလှုံလာသူတွေအတွက် အိမ်ဆိုတဲ့အနွေးဓာတ်ကို ပေးလာခဲ့တာ (၄)နှစ် နီပါးရှိလာပါပြီ။

ဘဝတူ CDM တွေအပြင် NLD အမတ်တွေ၊ မီဒီယာသမားတွေ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုပုဒ်မ အတပ် ခံရသူတွေ အများအပြား ခိုလှုံလာကြတဲ့ နယ်မြေကနေ လက်ရှိမှာ အများစုဟာ ထိုင်းနိုင်ငံထဲကို ကူးသွားကြပေမယ့် ဒေါ်အေးမိကတော့ အိမ်ပြန်နိုင်မယ့် နေ့ရက်ကိုမျှော်ရင်း ဒီအရပ်မှာ ဒေသခံ တစ်ပိုင်းဖြစ်နေပြီလို့ ပြုံးလျက်ပြောပါတယ်။

“နေရာတော်တော်များများ အောင်မြင်မှုလေးတွေရလာတာမြင်တော့တော်လှန်ရေးပြီးတော့မယ်လို့ ထင်မိတယ်။ ပြီးသွားရင် ကိုယ့်မွေးရပ်မြေကိုပြန်ပြီး အစိုးရဝန်ထမ်းပြန်လုပ်မယ်။ ကိုယ်နေခဲ့တဲ့ နေရာလေးဆိုတော့ အိမ်ပြန်ချင်သေးတယ်” လို့ သူမနဲ့မျက်နှာချင်းဆိုင် ပြတင်းပေါက်က တဆင့် မြင်နေရတဲ့ ဒေါနတောင်တန်းကြီးကို ငေးကြည့်ရင်း ပြောနေပါတော့တယ်။