Home သတင်း မြဝတီနှင့်မဲဆောက်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး အမှတ်(၁) နှစ်နိုင်ငံရေးချစ်ကြည်ရေးတံတား ပိတ်ထားရ

မြဝတီနှင့်မဲဆောက်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး အမှတ်(၁) နှစ်နိုင်ငံရေးချစ်ကြည်ရေးတံတား ပိတ်ထားရ

961
Photo: CJ

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

သောင်ရင်းမြစ်ရေ မြင့်တက်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့တွင် ရေကြီးရေ လျှံမှုများဖြစ်ပွားလျက်ရှိရာ အမှတ်(၁) နှစ်နိုင်ငံချစ်ကြည်ရေးတံတား ကို ပိတ်ထားလိုက်ရပြီး ရေဘေးသင့် နေရာများအား ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေရကြောင်း မြို့နေထိုင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလှိုင် (၁၅)ရက်မှ စ၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်အပြင် တောင်ကျရေများ သောင်ရင်း မြစ်အတွင်း စီးဝင်လာသည့်အတွက် နယ်စပ်မြို့နှစ်ခု၏ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ နေအိမ်များနှင့် ဈေးများ၊ ကျောင်းများ၊ စက်ရုံ အလုပ်ရုံများအပါအဝင် လူအသွားအလာလုပ်ဆောင်သည့်လမ်းပိုင်းများ ရေနစ်မြှုပ်ဖုံးလွှမ်းနေသည်ဟု မဲဆောက်ရောက် မြန်မာလူမျိုးတစ်ဦးက ပြောသည်။

၎င်းက “မဲဆောက် မြို့ထဲ အစ္စလာမ်စု မှာ ရေကြီးနေတယ်။ တံတားထိပ်မှာတော့ ရေပေါ်ဈေး၊ ရေလည်ကျွန်းရပ်ကွက် နဲ့ ဈေးတန်းတွေ အကုန်မြှုပ်နေပြီ၊ ဈေးကြီးနားမှာလည်း ရေက လမ်းတွေပေါ် ကျော်စီးနေပြီ။ မိုးက ရွာလိုက် တိတ် လိုက်ပဲ။ တပ်မအံရပ်ကွက်တို့ ဂျပန်ပစ္စည်းဂိတ်ဘက်တို့လည်း ရေမြှုပ်ကုန်ပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြဝတီမြို့တွင်လည်း မြို့ပေါ် ရွှေမင်းဝန် ဘုရားကုန်းအထိ ရေနစ်မြှုပ်လွှမ်းမှု ရှိလာပြီး ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုက်လံ၍ ကူညီကယ်ဆယ် ရွှေ့ပြောင်း ပေးနေရ ကြောင်း မြဝတီမြို့နေ ရေဘေးကြုံတွေ့နေရသူ အမျိုးသားတစ်ဦး က ပြောသည်။

Photo: CJ

“မြဝတီ ကတော့ တစ်မြို့လုံး ရေချည်းပဲ၊ ဘယ်နေရာက ပတ်သွားသွား ဈေးကုန်းနဲ့ကြခတ်တောကုန်း ပဲ ရေလွတ် တယ်။ အဲ့ဘက်လည်းကားတွေပိတ်၊ လမ်းတွေပိတ် သွားလာမရဖြစ်နေတယ်။ သောင်ရင်းမြစ်ဘေး တစ်လျှောက်ကတော့ အကုန်ရေမြှုပ်ပဲ၊ ဝှေ့ရှမ်း၊ မဲ့ပလဲ၊ မယ်ထော်သလေး၊ မင်းလက်ပံ အကုန်မြှုပ်။ သွားလို့လာလို့လည်း လှေပဲရတော့တယ်”ဟု ၎င်းအမျိုးသားက ပြောသည်။

ထို့အတူ လူမှုကယ်ဆယ်ရေးအဖွဲ့များက မြဝတီမြို့အတွင်း ကယ်ဆယ်ရေးလုပ်ဆောင်၍ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရာတွင်လည်း စစ်ကောင်စီတပ်စွဲ လမ်းပိတ်ထားသည့်နေရာများကို ဖြတ်သန်းသွားလာခွင့်မပြုသဖြင့် လုပ်ငန်းစဥ်များ နှောင့်နှေး အခက်ကြုံရကြောင်း သိရသည်။

လက်ရှိ မြဝတီမြို့ အပြင် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော ကော့ကရိတ် ၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ ဘီးလင်း၊ တောင်ကြာအင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူမြို့များတွင်ပါ တောင်ကျရေနှင့်မိုးရေကြောင့် ရေဖုံးလွှမ်းမှုများ ဆက်လက်ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။