Home သတင်း BIMSTEC ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်မှုအပေါ် Defend Myanmar Democracy အဖွဲ့ရှုတ်ချ

BIMSTEC ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်မှုအပေါ် Defend Myanmar Democracy အဖွဲ့ရှုတ်ချ

598
Photo: SAC

ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်သည့်အပေါ် ရှုတ်ချကြောင်း ဇူလိုင်လ (၂၆)ရက်စွဲဖြင့် Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ကြေညာသည်။

BIMSTEC မှ အသစ်ခန့်အပ်ထားသော အထွေထွေအတွင်းရေးမှူးက မြန်မာနိုင်ငံသို့ မိတ်ဆက်ခရီးစဥ်အဖြစ် ဇူလိုင်လ (၂၁)ရက်မှ (၂၇)နေ့ရက်နေ့အထိ စီစဥ်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းအပါအဝင် အဖွဲ့ဝင်နိုင်ငံ များမှလုံခြုံရေးအရာရှိများသည် စစ်ကောင်စီဥက္ကဌနှင့်တွေ့ဆုံ၍ တရားမဝင်စစ်အုပ်စုကို BIMSTEC ၏ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် တရားဝင်ဖြစ်စေရန် အကူအညီပေးနေခြင်းကြောင့် ရှုတ်ချရခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က “BIMSTEC ရဲ့အတွင်းရေးမှူးက စစ်အုပ်စုနဲ့ တွေ့ဖို့မြန်မာနိုင်ငံကိုရောက်လာတယ်။ ရာဇဝတ်အဖွဲ့အစည်းဖြစ်တဲ့ စစ်အုပ်စုကို ဒေသတွင်းလုံခြုံရေး ကိစ္စရပ်တွေညှိနှိုင်းဆောင်ရွက်ရာမှာ ဦးဆောင်မှုနေရာပေးတယ်။ ဒါကမြန်မာပြည်သူတွေရဲ့ လူ့အခွင့် အရေးနဲ့ဒီမိုကရေစီကိုယ်စားပြုမှုကို အလေးမထားကြောင်း သတင်းစကားဖြစ်တယ်။” ဟု ထုတ်ပြန်ချက်အတွင်း ဆိုသည်။

BIMSTEC အနေဖြင့် မြန်မာနိုင်ငံကိုကိုယ်စားပြုသည့် အဖွဲ့နှင့်ဆက်ဆံလိုပါက တရားမဝင် စစ်ကောင်စီနှင့်မတွေ့ဆုံပဲ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့်သာ တွေ့ဆုံသင့်ကြောင်းလည်း Defend Myanmar Democracy ၏ ပြောရေးဆိုခွင့်ရှိသူ နော်အောင်က မှတ်ချက်ပေးထားသည်။

Photo: SAC

ထို့အပြင် BIMSTEC အတွင်းရေးမှူး၏မြန်မာနိုင်ငံခရီးစဥ်မတိုင်ခင်က မြန်မာနိုင်ငံရှိ ရွေးကောက်တင်မြှောက်ထားသည့် ခေါင်းဆောင်များနှင့်တွေ့ဆုံရန်၊ စစ်ကောင်စီနှင့်အစည်းအဝေးဖျက်သိမ်းရန် စသည်တို့ကို Defend Myanmar Democracy အနေဖြင့် စာရေးပေးပို့တောင်းဆိုခဲ့သေးကြောင်း သိရသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သော BIMSTEC မှ အမျိုးသားလုံခြုံရေးအကြီးအကဲများ၏ လေးကြိမ်မြောက်အစည်းအဝေးသို့ စစ်ကောင်စီကိုယ်စားလှယ်များနှင့်BIMSTEC ၏ သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု စစ်ကောင်စီပြန်ကြားရေးဘက်က ထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးတွင် ဒေသတွင်းလုံခြုံရေးအခြေအနေများ၊ ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ အကြမ်း ဖက်မှုနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်ဟုလည်း စစ်ကောင်စီက ဖော်ပြသည်။

ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နေသည့် ဒေသတွင်းအစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် BIMSTEC တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ကြောင်းလည်း Defend Myanmar Democracy ၏ ထုတ်ပြန်ချက်အရ သိရသည်။