Home သတင်း ပုလောဒေသခံများ အစားအသောက် အကန့်အသတ်ဖြင့် ဝယ်နေရ

ပုလောဒေသခံများ အစားအသောက် အကန့်အသတ်ဖြင့် ဝယ်နေရ

584
Photo: CJ

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်အထွက်ရှိ စစ်ဆေးရေးဂိတ်များသည် မြို့အနီးအနား ဒေသခံများ မြို့ထဲတက် ဈေးဝယ်ရာတွင် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြုထားသည်ဟု အဆိုပါ လမ်းဖြတ်သန်းသွာသူများထံမှ သိရသည်။

ထို့သို့ ကန့်သတ်ရာတွင် မြို့ပေါ် ဈေးသွားဝယ်မည်ဆိုပါက ဝယ်ယူမည့် စာရင်းပြုလုပ်ခိုင်းခြင်း၊ မြို့အဝင်အထွက်လက်မှတ်များကို ပြုလုပ်ပြီးမှ ဈေးဝယ်ခွင့်ပြုခြင်းများ ရှိနေဖြစ်း ဖြစ်သည်ဟု လမ်းသွားလမ်းလာအချို့က ဆိုသည်။

“မြို့ထဲသွားပြီး အစားသောက်ဝယ်မယ်ဆို ဝယ်မယ့် စာရင်းဖောင် အရင်ဖြည့်ပေးရတယ်။ စာရင်းကို ကြည့်ပြီး ဘယ်ဟာက ဘယ်လောက်ပဲ ဝယ်ရမယ်၊ ဘယ်ဟာက ပိုမဝယ်ရဘူးဆိုပြီးပြောတယ်။ ပိုဝယ်လို့လည်း မရဘူး” ဟု အဆိုပါ လမ်းကို ဖြတ်သန်းသွားခဲ့ဖူးသူ တစ်ဦးက ပြောသည်။

သတ်မှတ်ထားသည်ထက် ပိုဝယ်ယူလာပါက အရေးယူဆောင်ရွက်မှုများ ရှိသောကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရသည်ဟုလည်း နောက်ထပ် ဖြတ်သန်းသွားလာဖူးသူ တစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေပြီး တစ်ခါတရံ မသင်္ကာသည့် ဝယ်ယူလာခြင်းများ၊ အပိုဝယ်လာခြင်းများရှိပါက ဝယ်ယူလာသည့် အစားအသောက်ပစ္စည်းများကို သိမ်းယူထားခြင်း၊ ဒဏ်ရိုက်ခြင်း၊ ထောင်ချဖမ်းဆီးသည်အထိ ပြုလုပ်ခြင်းများ ရှိသည်ဟု အပိုဝယ်လာမိသူတစ်ဦးက သူကြုံတွေ့ခဲ့ရသည်ကို ပြောသည်။

ပုလောမြို့အဝင်လမ်းတွင် စစ်ရေးဂိတ်နှစ်ခု ရှိပြီး မြို့အနီးတဝိုက်ဒေသခံများအနေဖြင့် မြို့ထဲသွားရာတွင် ထိုဂိတ်များမှ ဖြတ်သွားနေရခြင်းဖြစ်သည်။ အဆိုပါဂိတ်များသည် ယခုအခါတွင် ဖြတ်သန်းသွားသည့် သူများကို စစ်ဆေးမှုများပြုလုပ်သည့်အပြင် ဒေသခံများအနေဖြင့်လည်း ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ် ထားမှသာသွားလာခွင့်ရသည်ဟု ၎င်းလမ်းကို အသုံးပြုခဲ့ဖူးသူ တစ်ဦးက ပြောသည်။

၎င်းက “အဲဒီမှာ မြို့ထဲသွားမယ်ဆို ထောက်ခံစာလက်မှတ်လုပ်ရတယ်၊ ထောက်ခံစာ တစ်စောင်ကို ငွေနှစ်ထောင် (ကျပ်) နဲ့ တစ်ပတ်စာအတွက် သွားဖို့ ခွင့်ပြုပေးတယ်” ဟု ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပုလောမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် တင်းတင်းကြပ်ကြပ် ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်။ စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ကြေညာထားသော မြို့လည်း ဖြစ်သည့်အတွက် မြို့ဝင်မြို့ထွက်ဂိတ်များတွင် ၂၀၂၃ ခုနှစ်ကတည်းက ယခုအချိန်အထိ စစ်ဆေးမှုများ တင်းကြပ်ထားဆဲ ဖြစ်သည်ဟု သိရသည်။