Home သတင်း ထိုင်းဘတ်ဈေးတက်ချိန် ရေမီတာခကို ထိုင်းဘတ်ဖြင့်ဆောင်နေရသဖြင့် မြဝတီမြို့ခံများ အခက်ကြုံ

ထိုင်းဘတ်ဈေးတက်ချိန် ရေမီတာခကို ထိုင်းဘတ်ဖြင့်ဆောင်နေရသဖြင့် မြဝတီမြို့ခံများ အခက်ကြုံ

1184

ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာငွေတစ်သိန်းလျှင် ထိုင်းဘတ် ၇၀၀ မှ ၈၀၀ ကြား မြင့်တက်နေသည့်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ ၏ ရေမီတာခကို ထိုင်းဘတ်ဖြင့်သာ ပေးဆောင်နေရသဖြင့် ငွေကုန်ကြေးကျ ပိုများသည့် အခက်အခဲတွေ့ကြုံနေရကြောင်း မြို့ခံများထံမှ သိရသည်။

လက်ရှိ မြဝတီမြို့ရေပေးဝေမှုကို လုပ်ပိုင်ခွင့်ရထားသော မြဝတီရွှေပြည် ရေပေးဝေရေးကုမ္ပဏီမှ မြို့အတွင်း ရေပေးဝေရာတွင် ရေမီတာ တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ ၁၉ ဘတ်နှုန်းခန့်ဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး ပုံမှန်ရေသုံးစွဲသူတစ်အိမ်လျှင် ဘတ်ငွေ (၄၀၀) မှ (၆၀၀) ကြား ကုန်ကျသည့်အတွက် မြန်မာငွေဖြင့်ပြန်တွက်ပါက ပေးဆောင်ရသည့်ပမာဏ ပိုများသွားကြောင်း မြို့ခံများက ပြောသည်။

မြဝတီမြို့ပေါ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက “တစ်လတစ်လတစ်ချို့အိမ်ဆို ဘတ် ၅၀၀, ၆၀၀ ကျတယ်၊ တစ်ချို့ ၂ ယောက်ထဲနေလည်း ဘတ် ၄၀၀ ကျော်ကျတာရှိတယ်၊ ထိုင်းဘတ်နဲ့ ရေခရှင်း ရတော့အခက်အခဲရှိတာပေါ့။ မြန်မာနဲ့တွက်ရင် အများကြီး ပဲပေးရတယ်။ မြန်မာနဲ့သတ်မှတ်ပေးရင် နည်းနည်းသက်သာသေးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် မြန်မာကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းမှ ရေမီတာခ ကောက်ခံရာတွင် ထိုင်းဘတ်ဖြင့်ပေးဆောင်နေရသည့်အပေါ် ထောက်ပြပြောဆိုမှုအချို့ ရှိခဲ့သော်လည်း အကြောင်းထူးမှုမရှိကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အပြင် ယခင်က မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်‌ငွေ တစ်ထောင်ကျော်အထိ ပေါက် ဈေးရှိခဲ့ရာမှ ယခုနှစ်ဝက်ပိုင်းအတွင်း မြန်မာငွေဈေးဆက်လက် ကျဆင်းလာသောကြောင့် ထိုင်းဘတ် ငွေနှင့်မြန်မာကျပ်ငွေ နှစ်မျိုးလုံးအသုံးပြု ရောင်းဝယ်ခွင့်ရနေသော မြဝတီမြို့၏ရေမီတာခကို မြန်မာကျပ်ငွေဖြင့်သာ ပေးဆောင်လိုသည်ဟု မြို့ခံများက ပြောဆိုကြသည်။

Photo: CJ

ဖော်ပြပါအမျိုးသားက ဆက်လက်၍ “ရေရုံးက မြန်မာဘက်ခြမ်းပဲဆိုတော့ မြန်မာကျပ်နဲ့ ကောက်လို့ရတာပဲ၊ သူတို့ ကလည်း မြစ်ထဲရေကိုပြန်စစ်ပြီးပေးတာပဲလေ။ ထိုင်းဘတ်စျေးကြီးတော့ ရေမီတာကို မြန်မာကျပ်နဲ့ပဲသတ်မှတ်စေချင်တာပေါ့။ တစ်ယူနစ်ဘယ်လောက် ဘယ်လောက် အဲ့လိုမျိုး ဆို သူများတွေ သက်တောင့်သက်သာရှိမှာ” ဟု ဖြည့်စွက်ပြောသည်။

သို့သော် ထိုကဲ့သို့ ထိုင်းဘတ်ဖြင့်ရေခ ဈေးကြီးပေး၍သုံးစွဲနေရသော အနေအထားတွင် ပြီးခဲ့သော နွေရာသီကာလများအတွင်း ရေရရှိမှုခက်ခဲသဖြင့် ရေကို ဝယ်ယူသုံးစွဲရသည့်အခြေအနေမျိုးရှိခဲ့ ကြောင်းလည်း မြဝတီမြို့နေပြည်သူအချို့ ၏ပြောပြချက်အရ သိရသည်။

“ကျနော်တို့ဆို ပြီးခဲ့တဲ့လက (၃၂)ယူနစ် နဲ့ ရေဖိုး ဘတ်(၆၀၈)ဘတ် ကျတယ်။ ချွေတာသုံးရတယ် ၊ ဒါတောင်ကျနော်တို့သိပ်မသုံးဖြစ်ဘူး။” ဟု မြဝတီမြို့ခံ နောက်ထပ်အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းက မြဝတီမြို့၏အိမ်ထောင်စု ၈၀ ရာခိုင်နှုန်းခန့်ကို ရေပေး ဝေနိုင်မှုစနစ်အပြင် အမှိုက်စွန့်ပစ်စနစ် ပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက်ဟုဆိုကာ မြန်မာနိုင်ငံက ထိုင်း နိုင်ငံထံမှ ဘတ်ငွေသန်း (၇၀၀)ကျော် ချေးငွေရယူရန် နှစ်နိုင်ငံတာဝန်ရှိသူများဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းပြင်ဆင်ချိန် တစ်နှစ်သတ်မှတ် ဆောင်ရွက်ခဲ့ကြကြောင်းလည်း ဒေသတွင်းမီဒီယာအချို့၏ ဖော်ပြချက်အရ သိရသည်။