ဇူလိုင်လ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ပြည်တွင်းသတင်းဌာနများဖြစ်သည့် မဇ္ဈိမ၊ ဒီဗွီဘီ၊ ခေတ်သစ်၊ မြန်မာနောင်း သတင်းဌာ နများအား အရေးယူနိုင်ရန် ထုတ်ပြန်ချက်နှင့် DMG သတင်းဌာနမှ ဝန်ထမ်း(၂)ဦးကို နှစ်ရှည် ထောင်ဒဏ် ချမှတ်သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM က ယနေ့ ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။
သတင်းဌာနဥပဒေကို ချိုးဖောက်နေသဖြင့်ဟုဆိုကာ သတင်းမီဒီယာ(၁၅)ခုနှင့် အယ်ဒီတာချုပ်(၃)ဦးအား လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်း၊ အမည်ပျက်စာရင်းသွင်းခြင်းအပြင် ဝန်ကြီး ဌာန(၄)ခု ပူးပေါင်း၍ အရေးယူရန်လုပ်ဆောင်နေကြောင်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားသလို ပြီးခဲ့သည့် ဇွန်လ(၂၈)ရက်နေ့က ရခိုင်ပြည်နယ်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် နှင့်ရုံးဝန်ထမ်းနှစ်ဦးအား (၈)လကြာ ဖမ်းဆီးထားပြီးနောက် ထောင်ဒဏ် (၅)နှစ်စီ ချမှတ် လိုက်ခြင်းဖြစ်သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ IPCM က သတင်း သမားများသည် သတင်းလွတ်လပ်စွာထုတ်ဖော်ရေး သားခြင်းနှင့် ပြည်သူလူထု၏ သတင်းမှန်သိပိုင်ခွင့်ရရှိအောင် ဆောင်ရွက်ခြင်းသာဖြစ်ပြီး မီဒီယာလုပ်ငန်း၊ မီဒီယာသမားများအား အရေးယူရန်ခြိမ်းခြောက်သည့် စစ်ကောင်စီ၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချ ကြောင်း ထုတ်ပြန် ပြောဆိုသည်။
“မီဒီယာတွေနဲ့ မီဒီယာသမား ၃ ယောက်ကို နာမည်နဲ့ထုတ်ပြီးပြောလာတယ် ။ အမည်ပျက် စာရင်း ထည့်တယ်။ ပြည်ထဲရေးမှာ ရာဇဝတ်သားဝရမ်းပြေးတွေလိုမျိုး အရေးယူဖို့တုန့်ပြန်လာတယ်။ သတင်းထောက်တွေကို (၅)နှစ်ထောင်ဒဏ်ချတယ်။ ဒီစက်တင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီက နိုင်ငံရေးလမ်းကြောင်းနဲ့ ဒါတွေ ပြင်ဆင်လာတာ တွေ့လာရတယ်။ ဒါတွေကို ကျနော်တို့ အနေနဲ့ ကန့်ကွက်ရှုတ်ချပါတယ်။” ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ မတ်လပိုင်းမှစ၍ စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ကျူးလွန် နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို တင်ဆက်ပေးနေသော သတင်းမီဒီယာများအား စစ်တပ်က လိုင်စင်ရုပ်သိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း သတင်းသမားများကို ဖမ်းဆီးမှု လုပ်ဆောင်လျက်ရှိ ကြောင်း ပြည်တွင်းအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်။
စစ်ကောင်စီ ပြန်ကြားရေးဘက်ကမူ အရေးယူခြင်းခံရသော မီဒီယာများသည် နိုင်ငံလုံခြုံ သာယာရေး နှင့်ဥပဒေစိုးမိုးရေး ကို ထိခိုက်စေခြင်း၊ သတင်းကျင့်ဝတ်နှင့်မလျော်ညီစွာ ရေးသားဖော်ပြခြင်းတို့ကြောင့် သတင်းဌာနအမည်စာရင်းနှင့် မဇ္ဈိမ၊ မြန်မာနောင်း၊ ခေတ်သစ်မီဒီယာတို့မှ အယ်ဒီတာချုပ်(၃)ဦး၏ အမည်စာရင်းအား ၂၀၂၁ ခုနှစ်ကတည်းက ပြည်ထဲရေးအပါအဝင် ၎င်းတို့ဝန်ကြီးဌာနများသို့ ပေးပို့၍ အရေးယူရေးလုပ်ဆောင်ခဲ့သည်ဟု ကြေညာထားသည်။
မဇ္ဈိမ၏ အယ်ဒီတာတစ်ဦးဖြစ်သည့် ဦးစိန်ဝင်းက “အာဏာသိမ်းပြီးကတည်းက မဇ္ဈိမရဲ့သတင်းတွေကို ထုတ်ခွင့်မရအောင် စစ်ကောင်စီက လိုင်စင်ရုပ်သိမ်းတာ သတင်းထောက်တွေကိုဖမ်းဆီးထောင်ချတာ ဒါတွေက လုပ်ခဲ့ပြီးသားဆိုတော့ အခုလိုကြေညာတာ သိပ်ထူးခြားတယ်လို့မမြင်ဘူး။ သူက နဂိုက တည်းက သတင်းစာလွတ်လပ်ခွင့်နဲ့သတင်းစာရဲ့တန်ဖိုးကို နားလည်တဲ့သူမှမဟုတ်တာ။ အာဏာသိမ်း ပြီးမတော်မတရားလုပ်တယ်။ လူမိုက်တို့သွားရာလမ်းကိုတစ်ဆုံးလျှောက်တာပါပဲ” ဟု မှတ်ချက်ပြု ပြောဆိုသည်။
ထိုသို့ စစ်တပ်၏ အမျိုးမျိုးသောဖိနှိပ်မှုကြောင့် အရေးယူခံရသော မီဒီယာများအပါအဝင် လွတ်လပ်သည့် မီဒီယာများမှာ အိမ်နီးချင်းပြည်ပနိုင်ငံများနှင့်နယ်စပ်ဒေသများတွင် ခိုလှုံ၍ သတင်းလုပ်ငန်း ဆက်လက် လုပ်ကိုင်နေရပြီး သတင်းထောက်များသည်လည်း စစ်ကောင်စီစိုးမိုးမှုရှိသည့်နယ်မြေများအတွင်း သတင်းရယူရာတွင် စွန့်စားသွားလာနေရကြောင်း မီဒီယာအသိုင်းအဝိုင်းက ပြောသည်။
အလားတူ အာဏာသိမ်းပြီးချိန်မှ ယနေ့ထိ စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမား စုစုပေါင်း (၂၀၀) ကျော်ရှိသည့်အနက် အချို့ပြန်လည်လွတ်မြောက်လာသော်လည်း သတင်းသမား (၅၀)ဦးမှာ လက်ရှိအချိန်ထိ အကျဥ်းထောင်အသီးသီးတွင် ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်ကြောင်းလည်း IPCM ၏ ဖော်ပြချက်အရ သိရသည်။



















