Home သတင်း ပန်းတနော်တွင် မိုးစပါးဧက ရာချီပျက်စီးဆုံးရှုံးမှုကြုံနေရ

ပန်းတနော်တွင် မိုးစပါးဧက ရာချီပျက်စီးဆုံးရှုံးမှုကြုံနေရ

672

ဇူလိုင်လ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတစ်ဝှမ်းဆန်စျေးနှုန်းများ အဆမတန်မြင့်တက်နေချိန် ဧရာဝတီတိုင်းဒေသ၊ ပန်းတနော်မြို့နယ်ရှိ ကျေးရွာ အချို့တွင် မိုးစပါးများ မုန်တိုင်းနှင့် မုတ်သုန်မိုးဆက်ပြီး ရေနစ်မြှုပ်မှုနှင့် ရွှေခရုများကိုက်စားဖျက်ဆီးမှုများကြောင့် စပါးခင်းဧကရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောသည်။

ပန်းတနော်မြို့နယ်၏ အနိမ့်ဝန်းဒေသများဖြစ်သည့် ရွှေလောင်း၊ မအူချောင်း၊ ကျုံတိုင်းကလေး၊ ဇရပ်လှလေး နှင့် ဥတို၊ ထိန်ထ ကျေးရွာများတွင် မေလကုန်ခါနီးက ဖြစ်ပေါ်ခဲ့သော မုန်တိုင်းအရှိန်ကြောင့် မိုးအဆက် မပြတ် ရွာသွန်းခဲ့ပြီး မုတ်သုန်မိုးနှင့် ဆက်၍ မိုးများဆက်တိုက်ရွာသွန်းခဲ့ခြင်းကြောင့် ကြဲခင်းစပါးများ ရေနစ်မြှုပ်မှုနှင့် ရွှေခရုများ၏ စားသောက်ဖျက်ဆီးခဲ့၍ မအူချောင်းကျေးရွာလယ်သမားတစ်ဦးမှ စပါးခင်းဧကတစ်ရာနီးပါး ပျက်စီး ခဲ့ကြောင်း ၎င်းလယ်သမားနှင့် နီးစပ်သူတောင်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “မအူချောင်းက ကျနော့်မိတ်ဆွေဆိုရင် သူက စပါးကို ဧက တစ်ရာ၊ နှစ်ရာလောက် စိုက်တာ။ သူတို့စပါး လည်း ရေမြှုပ်ပြီး ခရုစားတဲ့အထဲပါသွားတယ်လို့ ပြောပြတယ်။ သူက အကုန်လုံးတော့ မဆုံးရှုံးဘူး။ အဓိက အနိမ့် ပိုင်းမှာစိုက်တဲ့ အပင်တွေမြှုပ်တာ။ ပြန်စိုက်လို့လည်း အချိန်မမီတော့ဘူးလေ။ ပြီးတော့ အခြား ရွာက အနိမ့် ဝန်းသမားတွေလည်း အကုန်ထိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အခြားသော ကျေးရွာများတွင် ကြဲခင်းစိုက်သည့် မိုးစပါးများ ရေမြှုပ်ပြီး ရွှေခရုကိုက်ခြင်းအပြင် ကုန်း ပိုင်းတွင် စိုက်သည့် စပါးပင်မျာကိုလည်း ကြွက်ဖလောင်းလေးများ၏ စားသောက်ဖျက်ဆီးခြင်းပါ ခံကြရသော ကြောင့် စပါးခင်းအများအပြား ပျက်စီးသွားကြောင်းလည်း အဆိုပါ တောင်သူက ဆက်ပြောသည်။

စပါးခင်းဧက မည်မျှပျက်စီးဆုံးရှုံးမှုရှိသွားသည်ကို အတိအကျမသိရှိရသော်လည်း ယခုလို ဧက ပေါင်းများစွာထိ ခိုက်ပျက်စီးမှုများ ကြုံတွေ့နေရချိန် ဆန်စျေးနှုန်းများ အဆမတန် မြင့်တက်နေသလို စပါးများသိုလှောင်ထားသူ များအနေဖြင့်လည်း လက်ရှိတွင် စပါးစျေးနှုန်း ကျဆင်းမှုကိုပါ ကြုံတွေ့နေရကြောင်း ကျုံတိုင်ကလေးကျေးရွာ အမည်မဖော်လိုသူ လယ်သမားတစ်ဦးက ယခုလိုပြောသည်။

“အခုက ဆန်ကြမ်းစျေးက တစ်သိန်းကျော်တယ်။ ဆန်စျေးက တခါမှ ပြန်မကျဘူး။ ဒါပေမဲ့ စပါးစျေးက ကျနေတယ်။ စပါးလှောင်ပြီး ရောင်းတဲ့သူတွေအတွက်တော့ ထိတာပေါ့။ အခုက တစ်တင်းကို (၁၆,၀၀၀) နဲ့ (၁၈,၀၀၀) လောက်ပဲ စျေးပေါက်တယ်။ အရင်က ကျနော်တို့ ရောင်းတာ (၂၆,၀၀၀) လောက်စျေးမီသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ဆန်စျေးနှုန်းများ အဆမတန် စျေးမြင့်တက်နေချိန် သတ်မှတ်ထားသည့် စျေးနှုန်းထက် အမြတ်တင် ရောင်းချသည်ဟုဆိုကာ ဆန်စပါးလုပ်ငန်းရှင်များကို ဖမ်းဆီးအရေးယူမှုများပြုလုပ်ထားပြီး ရန်ကုန်လို မြို့ကြီး များတွင် အခြေခံလူထုများအနေဖြင့် အိမ်ထောင်စုစာရင်းပြ၍ ဆန်များတန်းစီဝယ်ယူနေရသည့် အခြေအနေ ရှိကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

ပြီးခဲ့သည့်နှစ်ပိုင်းများမှစ၍ ဧရာဝတီတိုင်းဒေသရှိ လယ်သမားများအနေဖြင့် ရွှေခရုမျိုးစိတ်တစ်ခု လယ်မြေ များအ တွင်း စတင်ဝင်ရောက်လာက စပါးပင်များကို စားသောက်ဖျက်ဆီးနေသည့်အတွက် နည်းလမ်းပေါင်းစုံဖြင့် သုတ်သင်ရှင်းလင်းကြသော်လည်း မျိုးတုံးသွားခြင်းမရှိသည့်အပြင် အကျိုးဆက်အနေဖြင့် ဂေဟစနစ် ပျက်စီး လာကာ ငါးမျိုးစိတ်များ မျိုးသုဉ်းလာပြီး ငါးများရှာဖွေစားသောက်ရန် ရှားပါးလာကြောင်းလည်း ဒေသခံများက ဆိုသည်။