Home သတင်း လာအိုတွင် လုပ်မည့် အာဆီယံအစည်းအဝေး စစ်ကောင်စီကို မဖိတ်ရန် အဖွဲ့အစည်းသုံးရာကျော် အိတ်ဖွင့်ပေးစာပို့

လာအိုတွင် လုပ်မည့် အာဆီယံအစည်းအဝေး စစ်ကောင်စီကို မဖိတ်ရန် အဖွဲ့အစည်းသုံးရာကျော် အိတ်ဖွင့်ပေးစာပို့

458
Photo: AFP

ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လာအိုတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ စစ်အုပ်စု ကိုယ်စားပြုသူများကို မဖိတ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရကို တက်ရောက်ခွင့်ပြုရန် တော်လှန်ရေး အင်အားစုနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က လက်မှတ်ရေးထိုး‌ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြား ရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားများတွင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို ထောက်ခံပေးရန် အာဆီယံအတွင်းဝန်များရုံး၊ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စသည့် အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံ‌ခြားရေးဝန်ကြီးများထံသို့ အိတ်ဖွင့်‌ပေးစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာတွင် တောင်းဆိုချက် ၂ ရပ်ဖြစ်သည့် မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများနှင့် အခမ်း အနား များအားလုံးမှ ဖယ်ထုတ်ရန်နှင့် မြန်မာပြည်သူလူထုကိုယ်စားပြုအနေဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက် ခံခေါင်းဆောင်များဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရကို တက်ရောက်ခွင့်ပေးရန် စသည်တို့ ပါရှိသည်။

ထိုသို့တောင်းဆိုရသည်မှာ ယခုနှစ်အစောပိုင်းတွင် လာအိုနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် လောင်ဖရာ ဆန်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ retreat အစည်းအဝေးသို့ စစ်အုပ်စု လက် အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာစစ်တပ်သည် တရားမဝင်အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ပြီး နောက် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် အခြားအစိုးရအဖွဲ့အစည်းအသီးသီးမှ ပြည်သူ့ဝန်ထမ်း သိန်းပေါင်း များစွာသည် နိုင်ငံအနှံ့အပြား၌ အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြပြီး တရားမဝင် စစ်အုပ်စု လက်အောက်တွင် အလုပ်လုပ်ရန် ငြင်းဆိုခဲ့ကြသည်။

ထို့ကြောင့်အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုကို နိုင်ငံရေးအရ ကိုယ်စားမပြုသူဖြစ်ကြောင်းကို မဖြစ်မနေ မှတ်သားထားရန်နှင့် နိုင်ငံတကာ အစည်းအဝေးသို့ တက်ရောက်လာသည့် စစ်အုပ်စုရွေးချယ်စေလွှတ်သည့် မည်သူမဆို စစ်အုပ်စု၏ နိုင်ငံရေးအရ ကိုယ်စားပြုသူအဖြစ်သာ သတ်မှတ်ပေးရန်လည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကလည်း စစ်အုပ်စုဝန်ထမ်းများအား ဖိတ်ကြားခြင်းကို ပြန်လည် မရုပ်သိမ်းပါက အစည်းအဝေး မတက်ကြရန်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒကို ထောက်ခံသော အဖွဲ့ဝင်နိုင်ငံများသည် NUG အမျိုးသားညီညွတ်ရေးအစိုးရကို ပြည်သူလူထု၏ တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုရန်လည်း တိုက်တွန်းထားသည်။

လက်ရှိ စာပေးပို့သော အဖွဲ့အစည်းများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တုံ့ပြန်မှုကို စောင့်မျှော်လျက်ရှိပြီး အဆိုပါ နိုင်ငံများအနေဖြင့် မြန်မာပြည်သူလူထုကို ထောက်ခံမည်လား သို့မဟုတ် တရားမဝင်သော စစ်အုပ်စုကို ထောက်ခံမည်လားကို စောင့်ကြည့်သွားမည်ဟုလည်း ဆိုထားသည်။