Home သတင်း ကျောက်မဲမြို့တွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ကျောက်မဲမြို့တွင် နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေ

514
Photo: TNLA

ဇူလိုင်လ ၂၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင် စီတပ်ဖွဲ့ ဝင်များအကြား နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိနေကြောင်း ကျောက်မဲမြို့နေ ဒေသခံများက ပြောသည်။

တရုတ်နိုင်ငံ၏ တောင်းဆိုမှုအရ (MNDAA) ကိုးကန့်တပ်မှ ယခုလကုန်ပိုင်းအထိ အပစ်ရပ်ထားမည်ဖြစ် ကြောင်း ပြီးခဲ့သည့် စနေနေ့တွင် ကြေညာထားသော်လည်း စစ်ကောင်စီနှင့် (TNLA) တပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးသူငယ်သေဆုံးမှုများနှင့် အရပ်သားသေဆုံးမှုများရှိနေကြောင်း ကျောက်မဲမြို့ခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။

“သတင်းတွေကြားတာတော့ လေးရက်အပစ်ရပ်ထားတယ်။ စစ်တပ်ကတော့ လက်နက် ကြီးတွေ ဆက်တိုက် ပစ်နေတုန်းပဲ။ လက်နက်ကြီးဆိုတာထက် လေကြောင်းနဲ့ လာပြီးတော့ လာပစ်ချတာတွေ ပိုများတယ်။ နေအိမ်တော်တော်များများကတော့ ပျက်စီးကုန်ပြီး။ လူမှု ကယ်ဆယ်ရေး တွေလုပ်နေတာတော့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ တချို့မလုပ်နိုင်တဲ့အပိုင်းတွေလည်း ရှိနေတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

Photo: TNLA

နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ပြင်းထန်လျက်ရှိသောကြောင့် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ် နှင့် မိုးမိတ်မြို့များမှ ဒေသခံများအနေဖြင့် နီးစပ်ရာမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင် နေကြရ ဆဲဖြစ် ကြောင်းလည်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂၅) ရက်မှ ယခုဇူလိုင်လ (၂၂) ရက်နေ့အထိ ကျောက်မဲမြို့အနီးတစ်ဝိုက်တွင် ဖြစ်ပွား ခဲ့သည့် (၂၈)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အရပ်သားများရှိရာသို့ ဦးတည်၍ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်သောကြောင့် အရပ်သား (၁၀၉) ဦးသေဆုံးပြီး (၁၃၆) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း (TNLA) အဖွဲ့က ဇူလိုင်လ ၂၂ ရက်နေ့ ထုတ်ပြန်ထားသည်။

အလားတူ လားရှိုးမြို့နှင့် အနီးတစ်ဝိုက်တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင် များနှင့် ကိုးကန့်တပ်ဖွဲ့(MNDAA)ကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် လားရှိုးမြို့ရှိ ဒေသခံစုစုပေါင်း တစ်သိန်းကျော်သည် နမ့်လန်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ဟိုပန်နှင့် ပြင်ဦးလွင် စသည့် မြို့များ အပါအဝင် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။