Home သတင်း ပဋိပက္ခဒေသများ၌ ၂ နှစ်အတွင်း အင်တာနက် ဖြတ်တောက်မှု အကြိမ် ၃၀၀ ခန့် ရှိ

ပဋိပက္ခဒေသများ၌ ၂ နှစ်အတွင်း အင်တာနက် ဖြတ်တောက်မှု အကြိမ် ၃၀၀ ခန့် ရှိ

580
Photo: CJ

ဇူလိုင် ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြည်တွင်း ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီက အင်တာနက် ဖြတ်တောက်မှု အကြိမ်ပေါင်း ၃၀၀ ခန့်ပြုလုပ်ခဲ့သည်ဟု မြန်မာအင်တာနက် ပရောဂျက်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးအခြေခံ အဆောက် အအုံများ ပျက်စီးခြင်း စသည့် အကြောင်းအရာများကို မြန်မာအင်တာနက် ပရောဂျက်က သုတေသန ပြုစုပြီး ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်အတွင်း အစီရင်ခံစာ ထုတ်ပြန်ရာတွင် ယခုလို ဖော်ပြထားခြင်း ဖြစ်သည်။

အင်တာနက်ဖြတ်တောက်မှုပုံစံများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြတ်တောက်ခြင်း၊ နေရာ အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ အချိန်အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ အင်တာနက်မြန်နှုန်း လျှော့ချခြင်း၊ လူသုံးများသော လူမှုကွန်ရက်မီဒီယာများကို ပိတ်ပင်ခြင်းနှင့် အင်တာနက်ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ ဖြစ်သည်ဟု သိရသည်။

“ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံဘက်မှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘူး။ အဲဒီနောက်ပိုင်း အင်တာနက် လိုင်းတွေ ဖုန်းလိုင်းတွေ မရတော့ဘူး။ ရွာက တချို့သူတွေ ထိုင်းအင်တာနက်လိုင်း ထောင်ထားတယ်။ သုံး ချင်ရင် ကျသလောက်ပေးပြီး သုံးတာပေါ့။ အထူးသဖြင့်တော့ ထိုင်းဘက်အလုပ်သွားလုပ်တဲ့ မိသားစုဝင်တွေနဲ့ ဆက်သွယ်တဲ့အခါ အဆင်ပြေတယ်” ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျိုက်ဒုံဒေသခံတစ်ဦးက လက်ရှိ အင်တာနက် အသုံးပြုနေရပုံကို ပြောသည်။

လက်ရှိတွင် အင်တာနက်ဖြတ်တောက်ခြင်း အများဆုံး ကြုံရသော ဒေသများမှာ စစ်ရေးပဋိပက္ခ ပြင်းထန်သော ဒေသများဖြစ်သည်။ ထို့အတူ အင်တာနက်နှင့် ဆက်သွယ်ရေးစနစ်တို့၏ အဓိကကျသော တာဝါတိုင်ကဲ့သို့ အခြေခံအဆောက်အအုံများ ပျက်စီးခြင်း၊ ပြုပြင်ထိန်းသိမ်းရန် ခက်ခဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် ကြိုးစားစဉ် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကြာအင်းဆိပ်ကြီး၊ ခလယ်တံခွန်တိုင်၌ နေထိုင်သူ ရွာသားတစ်ဦးက လည်း “အင်တာနက်လိုင်းက တစ်ခါတလေ ရတယ်။ တစ်ခါတလေ လေး၊ ငါးရက်လောက် ပျက်တယ်။ ဒီဘက်မှာတော့ ခန့်မှန်းရ ခက်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် အင်တာနက်ဖြတ်တောက်ခံရမှု မကြာခဏ ဖြစ်လေ့ရှိပြီး အင်တာနက်ပြတ်တောက်မှုမှာ ၃ ဒသမ ၂၅( ၃.၂၅ )ရာခိုင်နှုန်းအထိ ရှိခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

အဆိုပါ အစီရင်ခံစာတွင် တစ်နိုင်ငံလုံး အင်တာနက်ဖြတ်တောက်ခံရမှုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃၃ ဒသမ ၃၃ (၃၃.၃၃) ရာခိုင်နှုန်းအထိ ရှိပြီး အများဆုံးဖြစ်သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၂ ဒသမ ၄၄ (၂.၄၄ )ရာခိုင်နှုန်းထိ ရှိပြီး အနည်းဆုံးဖြစ်သည်ဟု သိရသည်။