ဇူလိုင်လ ၂၃ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြောင်းအမျိုးမျိုးပြကာ ပြီးခဲ့သည့် ဇွန်လ တစ်လတာအတွင်း ဒေသခံပြည်သူ စုစုပေါင်း (၉၄)ဦးဖမ်းဆီးခဲ့ပြီး ၎င်းအထဲမှတစ်ဦးမှာ သေဆုံးသွား ကြောင်း FE5 Tanintharyi အဖွဲ့၏ ဇူလိုင်လ ၂၁ ရက်နေ့ထုတ်အစီရင်ခံစာအရ သိရသည်။
ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်များကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားသည့်ထား ဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် မြိတ်မြို့နယ် အစရှိသည့် ပဋိပက္ခဒေသများတွင် စစ် ကောင်စီမှ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ စစ်ကြောင်းတစ်လျှောက်လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း FE5 Tanintharyi က ပြောဆိုထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန် ယခုလိုကျေးရွာအတွင်း စစ်ကြောင်းထိုး၍ အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းများ ပြုလုပ်ခြင်းကြောင့် ဒေသခံကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်းရှောင်နေရကာ စစ်ကောင်စီကလည်း နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ် ကြောင်း ပိုမိုထိုးလာကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။
၎င်းက “အခုဆိုရင် အများစုကတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာထက် ရွာတွေကိုစစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေ ရှောင်နေရတာများတယ်။ အခုဆိုရင် စစ်တပ်ကတော်လှန်ရေးတပ်ဖွဲ့ဝင်အများစု စိုးမိုးထား တဲ့နေရာတွေကို ပြန်လည်ရနိုင်ဖို့အတွက် ပိုပြီးလုပ်ဆောင် လာတာတွေကို တွေ့နေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်မှုများနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများကြောင့် စစ်ဘေးရှောင် ပြည်သူစုစုပေါင်း(၆၀,၀၀၀)နီးပါးအထိရှိနေပြီး စစ်ဘေးရှောင်အများစုတွင် အမျိုးသမီးများ ပါဝင်နေ သည့်အပြင် ကျန်းမာရေးကူညီစောက်ရှောက်မှုများ အမျိုးသမီးလစဉ်သုံးပစ္စည်းများ နှင့် အရေးပေါ် အဝတ်အစားများ အဓိက လိုအပ်လျက်ရှိကြောင်းလည်း စစ်ဘေးရှောင် အနီးကပ်ကူညီသူများက ပြောသည်။
မြန်မာတစ်နိုင်ငံလုံးတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီမှ ပြည်သူများအား အကြောင်းအမျိုး မျိုးပြကာ ဖမ်းဆီးထားသူစုစုပေါင်း (၂၇,၀၈၅) ဦးရှိသည့်အနက် (၂၀,၇၇၆) ဦးမှာ ထိန်းသိမ်းခံနေရ ဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက် (၉,၃၅၁) ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားချက်များအရ သိရသည်။



















