ဇူလိုင် ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် မိုးရွာ သွန်းမှုများပြီး မြေတိုက်စားမှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ (၂၆) ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်(၄)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။
ထိုနေ့ ည(၇)နာရီဝန်းကျင်ခန့်က မြေပြိုကျမှုကြောင့် ရပ်ကွက်(၁)၊ ရပ်ကွက်(၂), ရပ်ကွက်(၃)၊ ရပ်ကွက်(၄) မှ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ပြီး ရပ်ကွက် (၁) မှ နေအိမ်(၂)လုံးမှာ မြေကြီးအောက် လုံးဝရောက်သွားသည့်အနေအထားအထိ ပျက်စီးမှုများပြားခဲ့သည်ဟု အမှတ်(၁)ရပ်ကွက်နေ သံတောင်ကြီးမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အိမ်(၂)လုံးက လုံးလုံးကို မြေကြီးအောက်ရောက်သွားတာ သစ်သားအိမ်လေးတွေပေါ့။ အိမ်တစ်အိမ်ကလူမရှိဘူး၊ တစ်အိမ်ကကျတော့ တအိအိမြေပဲ့ကျသံကြားလို့ အပြင်ထွက်နေလိုက်တော့ အိမ်သားတွေလွတ်သွားတယ်။ ကျန်တဲ့အိမ်တွေက ကားပါကင်ဘက်ပြိုတာနဲ့ မီးဖိုချောင်ပဲ့ကျသွားနဲ့ အဲ့ဒါမျိုးပဲဖြစ်တယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
မြေပြိုကျမှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုမရှိသော်လည်း လူနေမရတော့သည့် နေအိမ်ပိုင်ရှင်များကမူ မိမိတို့ဆွေမျိုးနီးစပ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု သံတောင်ကြီးမြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။
ထို့အပြင် သံတောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်ချင်းဆက်လမ်းအချို့တွင်လည်း လမ်းပေါ် မြေသားပြို ကျမှုရှိနေပြီး လမ်းများပိတ်ဆို့သွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
နေအိမ်အပျက်အစီးများနှင့် လမ်းရှင်းလင်းရေးအတွက် လက်ရှိတွင် နယ်ခံ အသင်းတော်မှတာဝန်ရှိသူများနှင့် ဒေသခံများမှ ဆောင်ရွက်ပေးနေကြောင်းလည်း ဒေသခံအချို့က ကေအိုင်စီသို့ ပြောသည်။
အလားတူ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံတောင်မြောက်ပိုင်းဒေသရှိ တောင်ငူ-ယာဒို-ဆီးဘူး လမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့က မြေပြိုကျမှုများဖြစ်ပွားခဲ့ပြီး လမ်းအသုံးပြုသွားလာသည့် မော်တော်ယာဉ်အချို့ ပိတ်မိခဲ့သေးကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ယခုနှစ်မိုးရေချိန်များပြားသဖြင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သာမက ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ အပါအဝင် မွန်ပြည်နယ်ရှိ မြို့နယ်(၅)မြို့နယ် ထက်မနည်းတွင်ပါ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ရေဘေးဒုက္ခတွေ့ကြုံနေရသည်။