Home သတင်း မြဝတီသောင်ရင်းမြစ်ရေလွှမ်းမှုကြောင့် လူ ၆,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရ

မြဝတီသောင်ရင်းမြစ်ရေလွှမ်းမှုကြောင့် လူ ၆,၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ရ

700
Photo: Social Media

ဇူလိုင်လ ၂၈ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့သောင်ရင်းမြစ်ရေလွှမ်းမှုကြောင့် မြို့တွင်းရပ်ကွက် ၅ ခုအတွင်းရှိ ဒေသခံ ၆,၀၀၀ ကျော် ရေဘေးရှောင်ယာယီစခန်း ၁၀ နေရာခန့်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌အရေးပေါ် ရွှေ့ပြောင်းခိုလှုံနေထိုင်နေကြရကြောင်း မြို့ခံအရပ်ဖက် လူမှုအကူအညီပေးနေသူများက ပြောသည်။

“ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်း နေရာ ၁၀ ခု လောက်ကို လူ ၆ ထောင် ကျော်လောက် လိုက်ကူရွှေ့ပေးပြီး ရေဘေးယာယီစခန်း ဖွင့်ထားရတာပါ့။ အရေးပေါ် တစ်နေ့ညကနေ မနေ့က မနက်ပိုင်းအထိက BGF နဲ့ မြို့ က ပရဟိတ၊နာ/ကူ အသင်းတွေစုပြီးလှေနဲ့လိုက်ပြီး နေရာရွှေ့ပေးရတာပေါ့။ အခုမနက်တော့ မြို့ထဲက ရေပြန် ကျနေပြီ၊ မြေနိမ့်ပိုင်းတွေတော့ ရေကျန်နေသေးတယ်” ဟု မြဝတီ အရပ်ဖက် ကူညီကယ်ဆယ်ရေး လုပ်ဆောင် နေသူတစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် မိုးရွာသွန်းမှု ရပ်သွားပြီး မိုးရေတောင်ကျရေ စီးဆင်းမှုနည်းပါးသွား သော်လည်း မြဝတီ မြို့တောင်ဘက် ဝေါလေ၊ စုကလိ၊ သေ့ဘောဘိုး ဒေသဘက်တွင် မိုးဆက်လက် ရွာသွန်းနေဆဲ အခြေ အနေကြောင့် သောင်ရင်းမြစ်ရေ လျော့နည်းသွားခြင်းမရှိသေးကြောင်း မြဝတီမြို့သောင်ရင်းမြစ် အနီး နေထိုင်နေသည့် ဒေသခံများက ပြောသည်။

သောင်ရင်းမြစ်ဘေးရှိ BGF ဂိတ်ဝင်းအတွင်း နေထိုင်သူက “မိုးကတော့ တိတ်သွားပြီ၊ ရပ်ကွက်ထဲက ရေတွေ၊ လမ်းမတန်းကရေတွေတော့ ပြန်ကျသွားပြီ၊ သောင်ရင်းမြစ်ရေတော့ မကျသေးဘူး၊ အရှိန်နဲ့ စီးလာနေတုန်းပဲ၊ ဝေါလ၊ စုကလိ၊ သေ့ဘောဘိုးဘက်မှာက မိုးရွာ နေတုန်း ဆိုတော့ရေက မရပ်သေးဘူး။ သောင်ရင်း မြစ်ထဲတော့ လှေကူးကမ်းကူး၊ ပစ္စည်းကူးတာတွေ မရသေးဘူး” ဟု ပြောသည်။

ထိုသို့ရေကြီး ရေလွှမ်းမှုကြုံ တွေ့နေရသည့် မြဝတီ မြို့ပေါ် ရပ်ကွက်သားများ နေထိုင်စားသာက်ရေး၊ ကျန်းမာ ရေး၊ ယာယီရေဘေးရှောင် နေထိုင်ရသည့် ကိစ္စများကို မြဝတီမြို့လုံခြုံရေးလုပ်ဆောင်နေသည့် နယ်ခြားစောင့် တပ်-BGF ၊ အရပ်ဖက်လူမှုကူညီရေးအဖွဲ့များနှင့် မြို့မိမြို့ဖလုပ်ငန်းရှင်အဖွဲ့များက စုပေါင်း ကူညီလုပ်ဆောင် ပေးနေကြောင်း သိရှိရသည်။