ဇူလိုင် ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ ရေကြီးမှုတွင် မြို့ပေါ် အမှတ်(၅)ရပ်ကွက်နေ အသက်(၃)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသား(၂)ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့ခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ(၂၇)ရက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်နေ ကလေးငယ်(၁)ဦးမှာ ရေထဲပြုတ်ကျမှုဖြစ်စဉ်ဖြစ်ပွားခဲ့သလို နောက်ထပ် အိမ်ခြေရာမဲ့အမျိုးသားကြီး(၁)ဦးနှင့် အမှတ်(၁)ရပ်ကွက်နေ အမျိုးသား(၁)ဦး၏ အလောင်းများကိုလည်း ဆယ်ယူရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကလေးမိဘတွေက အိမ်သန့်ရှင်းရေးလုပ်နေတာ၊ ကလေးကိုဖုန်းဆော့ခိုင်းထားတယ်ပြောတာပဲ။ အဲဒီအချိန်မှာ ကလေးကရေထဲပြုတ်ကျမျောပါသွားတာ၊ မနက်(၈)နာရီလောက်မှာပြန်တွေ့တော့ ကလေးက အသက်မရှိတော့ဘူး။ နောက်အမျိုးသားနှစ်ယောက်မှာ တစ်ယောက်က အိမ်ရာမဲ့အဖိုး၊ နောက်တစ်ယောက်က အမှတ်(၁)ရပ်ကွက်မှာနေတဲ့ အမျိုးသားပါ မနေ့ကပဲ အလောင်းတွေပြန်တွေ့လို့ မြဝတီရေခဲ တိုက်ထဲရောက်လာပြီ” ဟု ၎င်းတာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
ဇူလိုင်လ (၁၅)ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်တောင်ကျရေလျှံကျမှုများပြီး သောင်ရင်းမြစ်ရေမြင့်တက်လာသဖြင့် မြဝတီမြို့ပေါ်ရပ်ကွက်များ ရေဖုံးလွှမ်းမှုဖြစ်ပွားနေခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းအထိ မိုးဆက်လက်ရွာသွန်းမှုမရှိတော့သော်လည်း သောင်ရင်းမြစ်ရေလျော့ကျခြင်းမရှိသေးသဖြင့် မြဝတီမြို့ လူနေရပ်ကွက်(၅)ခုမှ ရေဘေးသင့်ပြည်သူ ၆,၀၀၀ ကျော်မှာ ရေဘေးလွတ်ကင်းရာ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းများတွင် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ် နေထိုင်ရကြောင်းလည်း လူမှုကူညီကယ်ဆယ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။