မေလ ၂၇ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ဒေသခံများ၏ ဥယျာဉ်ခြံအများတွင် စစ်ကောင်စီတပ်သား များက ကင်းပုန်းဝပ်နေရာယူချထားမှုများ လုပ်ဆောင်နေသောကြောင့် ဥယျာဉ်ခြံလုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းများကို ရပ်နားထားရကြောင်း သိရသည်။
ရေဖြူမြို့နယ်တွင် ဒေသခံများအနေဖြင့် မိုးရာသီကာလရောက်သည်နှင့် ဥယာဉ်ခြံလုပ်ငန်းများကို စတင် စိုက်ပျိုးလုပ်ကိုင်လေ့ရှိသော်လည်း ဧပြီလကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဥယျာဉ်ခြံအတွင်း ကင်းပုန်းဝပ်နေရာယူထားမှုများ လုပ်ဆောင်လာသောကြောင့် လုပ်ငန်းများကို ရပ်နားထားရခြင်း ဖြစ်ကြောင်း ရေဖြူမြို့နေ ဥယျာဉ်ခြုံလုပ်ငန်း လုပ်ကိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “အခုလိုမိုးရာသီဝင်ပြီးဆိုတာနဲ့ တောရှင်း၊ ပျိုးပင်ချတာတွေကို ပုံမှန်လုပ်ရတယ်။ ဒီနှစ်ကျတော့ ရွာတွေထဲကို ဝင်လာတယ်။ စစ်ကြောင်းထိုးပြီးဆိုတာနဲ့ ဥယျာဉ်ခြံတွေကို ဝင်ပြီး ကင်းပုန်းချတာ တွေလုပ်လာကြတယ်။ အကယ်၍ တောရှင်းဖို့သွားလို့ သူတို့နဲ့ တိုးတာနဲ့ ဖမ်းခံထိတယ်။ အဲ့လိုတွေကြောင့်ရပ်ထားရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဥယျာဉ်ခြံအတွင်း မြေမြှုပ်မိုင်းထောင်ထားခြင်းများအပြင် ဥယျာဉ်ခြံများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများလည်း လုပ်ဆောင်လေ့ရှိသောကြောင့် ဒေသခံများအနေဖြင့် သီးနှံမရောင်း ရဘဲ ဆုံးရှုံးနစ်နာမှုများရင်ဆိုင်နေရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
ယခုမေလ(၂၃)ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ကလိန်အောင် မြို့တံတားမှ စစ်ကောင် စီစစ်ဆေး ရေးဂိတ်ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင် အင်အား (၆၀)ဝန်း ကျင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်က ကလိန်အောင်မြို့ နှင့် မိကျောင်းလှောင်း ကျေးရွာကြားက ခြံများထဲ စစ်ကြောင်းထိုးလျက်ရှိနေကြောင်းလည်း စစ်ဘေးရှောင်အနီးကပ် ကူညီနေသူတစ်ဦးက ပြောသည်။
“ရွာထဲကို စစ်ကြောင်းစထိုးပြီးဆိုရင် စစ်တပ်က ဥယျာဉ်ခြံတွေဘက်ထဲကို လက်နက်ကြီးတွေ ပစ်တာ တွေ ရှိတယ်။ ပြီးရင် ဥယျဉ်ထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တယ်။ မိုင်းထိလို့ ခြေထောက် ပြတ်တဲ့သူ တွေတောင် ရှိတယ်၊ စစ်ရှောင်စခန်းမှာဆိုရင်။ အဲ့လိုတွေ ကြုံနေရတယ်။” ဟု ၎င်းစစ်ရှောင်ကူညီသူက ကေအိုင်စီ သို့ပြောသည်။
ရေဖြူမြို့နယ်အတွင်းရှိ ကလိန်အောင်မြို့အနီးတဝိုက်တွင် ယခုလ ၇ ရက်နေ့မှစပြီး တော်လှန်ရေး တပ်ဖွဲ့ ဝင်များ နှင့် စစ်ကောင်စီတပ်များကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး စစ်ကောင်စီမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား၊ လူနေအိမ်၊ ဥယျာဉ်ခြံ နှင့် သုံးဘီးယာဉ် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။