Home ဆောင်းပါး အမျိုးသားရေးတာဝန်ထမ်းပြီး လူ့အသက်တွေကို ကူညီကယ်တင်ပေးချင်သူ နော်ဆာအယ်ရှီး

အမျိုးသားရေးတာဝန်ထမ်းပြီး လူ့အသက်တွေကို ကူညီကယ်တင်ပေးချင်သူ နော်ဆာအယ်ရှီး

524

မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို ထမ်းဆောင်သွားမည်ဟု ပြောဆိုလာသူက နော်ဆာအယ်ရှီးဖြစ်သည်။ လတ်တလော ထိုင်း-မြန်မာနယ်စပ်၊ သူးမွဲခီး ကျောင်း တွင် အထက်တန်းလွန် Bachelor of Liberal Arts ကို တက်ရောက်နေပြီး ပညာသင်ယူနေဆဲ ဖြစ်သည်။

မွေးချင်းမောင်နှမ (၅) ဦးထဲမှာ နော်ဆာအယ်ရှီးက အကြီးဆုံးသမီးဖြစ်ကာ လက်ရှိတွင် အသက် (၁၉) နှစ်ရှိပြီး ဖြစ်သည်။ ဘာသာရေးကို အထူးယုံကြည်သက်ဝင်သည့် ဘာသာရေးအမှုတော်ဆောင် မိဘနှစ်ဦးမှ မွေးဖွားလာခဲ့ပြီး မွေးချင်းမောင်နှမထဲတွင် အမျိုးသမီးဆို၍ သူမ တစ်ဦးတည်းသာရှိသည်။

မြဝတီမြို့အနီးက ကျေးရွာတစ်ရွာတွင်နေထိုင်ပြီး ဒေသတွင်း မတည်ငြိမ်မှုကြောင့် နယ်စပ်ဒေသကို ပြောင်း၍ ပညာဆက်လက်သင်ယူနေခြင်းဖြစ်သည်။ အလယ်တန်းအဆင့်ထိသာရှိသည့် သူမ၏ကျေးရွာတွင် မူကြိုကနေ အဌမတန်းအထိ သင်ယူပြီးနောက် အထက်တန်းကို သင်္ဃန်းညီနောင်တွင် ဆက်လက်သင်ယူခဲ့သည်။

သို့သော် အခြေခံမိသားစုဘဝကနေ ကြီးပြင်းလာခဲ့ရသူ နော်ဆာအယ်ရှီးအတွက် အတန်းပညာမြင့်မားလာသည် နှင့်အမျှ ကုန်ကျစရိတ်များလာသောကြောင့် နဝမတန်းမှစ၍ အဖွားဖြစ်သူ၏ ထောက်ပံ့မှုဖြင့် ပညာကို ဆက် လက်သင်ယူခဲ့ရကြောင်း သူမက ယခုလိုပြောသည်။

“မူကြိုကနေ ရှစ်တန်းအထိတော့ မိဘတွေက ကြိုးစားပြီး ကျောင်းထားပေးတယ်။ သူတို့လို ဘဝမျိုးတွေ မဖြတ် သန်းစေချင်လို့ ကြိုးစားပြီးတော့ထားပေးကြတာပေါ့။ သူတို့ငယ်ငယ်တုန်းက တိုက်ပွဲတွေကြောင့် ပညာကို ကောင်းကောင်းမသင်ခဲ့ကြရဘူး။ အဲ့အတွက် ကြိုးစားပြီးကျောင်းထားပေးတယ်။ ဒါပေမဲ့ ကျမ ၉ တန်းရောက် တော့ သူတို့မထားပေးနိုင်ကြတော့ဘူး။ ကျမအဖွားကနေပဲ ဆက်ပြီးထားပေးရတယ်။” ဟု ဆိုသည်။

နော်ဆာအယ်ရှီးကိုယ်တိုင်ပင်လျှင် ငယ်ရွယ်စဉ် လူမှန်းသိတတ်စအရွယ်ကတည်းက ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ပြေးလွှားတိမ်းရှောင်ခဲ့ရဖူးသည့် အတွေ့အကြုံရှိခဲ့သည်။

သင်္ဃန်းညီနောင်တွင် အထက်တန်းပညာကို ဆက်လက်သင်ယူနေစဉ် ကိုဗစ်ကပ်ရောဂါကျရောက်မှုကြောင့် ကျောင်းကို ယာယီရပ်နားထားရပြီးနောက် ကိုဗစ်ရောဂါအပြင် စစ်တပ်၏ အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ဒေသတွင်းမတည်မငြိမ် ဖြစ်လာပြီး နယ်စပ်ရှိ ကော်သူးလေ အထက်တန်းကျောင်းတွင် ပညာဆက် လက်သင်ယူရန် အကြောင်းဖန်လာခဲ့သည်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ သေ့ဘောဘိုးကျေးရွာတွင် အထက်တန်းပညာကို ဆက်လက်သင်ယူပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ သူးမွဲခီးကောလိပ်ကျောင်းကို ဆက်လက် ပညာသင်ယူနေစဉ် ပြည်တွင်းနှင့် နယ်စပ်၏ မတူညီသည့်ပညာသင်ယူရမှု ပုံစံများကို သူမက ယခုလို ရှင်းပြပါသည်။

“မြန်မာပြည်မှာ ကျောင်းတက်တုန်းက အလွတ်ကျက်ရတာ အရမ်းပင်ပန်းတယ်။ ပြီးတော့ ဆရာ၊ ဆရာမ တွေ ပြောတဲ့အတိုင်းပဲ လုပ်ရတယ်။ ကြောက်နေရတယ်။ ဘာမှပြန်ပြောလို့မရဘူး။ အကုန်လုံးလက်ခံပေးရတယ်။ ဒီဘက်မှာက အဲ့လိုမဟုတ်ဘူး။ တိုင်ပင်လို့ရတယ်။ လမ်းဖွင့်ပေးတယ်။ လွတ်လွတ်လပ်လပ်ကို သင်ယူခွင့်ရှိ တယ်။” ဟု ဆိုသည်။

ယောက်ျားသားမောင်နှမများဖြင့်သာ ကြီးပြင်းလာခဲ့ရသူ နော်ဆာအယ်ရှီးအနေဖြင့် ငယ်စဉ်အရွယ်ကတည်းက အမျိုးသားများနည်းတူ ခက်ထန်ပြီး အရွယ်ရောက်လာလျှင် စစ်သားလုပ်မည်ဟုသာ စိတ်ကူးယဉ်ခဲ့သည်ဟု ဆိုသည်။ အရွယ်ရောက်လာသည့်အချိန်တွင် သူမစိတ်ကူးထားသလို စစ်သားထက် သူမဝါသနာ ပါရာ အဆိုတော်လည်းဖြစ်ချင်ခဲ့ပြီး သေချာသည့် ရည်မှန်းချက်မရှိဘဲ လမ်းပျောက်နေခဲ့သည်။

သို့သော် လက်ရှိ သူမအရွယ်ရောက်လာသည်နှင့်အမျှ ပညာသင်ယူနေစဉ်ကာလအတွင်း ရရှိလာသည့် အသိ ပညာများကြောင့်ပင် အတွေးအခေါ်များ စတင်ပြောင်းလဲလာခဲ့ပြီး သူမဘဝတွင် အရေးကြီးလုပ်ဆောင် ရမည့် အရာများကို စဉ်းစားသိမြင်လာခဲ့ပြီး လူတွေကိုကူညီကယ်တင်လိုသည့် ဆန္ဒရှိလာသည်ဟု ဆိုသည်။

နော်ဆာအယ်ရှီးအနေဖြင့် ဘာသာရေးကို သက်ဝင်ယုံကြည်သည့် မိသားစုအသိုင်းအဝိုင်းက ကြီးပြင်း လာခဲ့ရ သောကြောင့် မိဘများက သူမကို ဘာသာရေးဘက်တွင်သာ အမှုထမ်းလုပ်ဆောင်ရန် အားပေးသော်လည်း သူမ နေဖြင့် ဆေးပညာကို သင်ယူရင်း လူ့အသက်များကို ကယ်တင်သွားရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

ထို့အတွက် နော်ဆာအယ်ရှီးသည် လက်ရှိနယ်စပ်ဒေသတွင် တက်ရောက်နေသည့်အတန်းပညာပြီးဆုံး သွားပါက နိုင်ငံတကာကျောင်းအထိ တက်လှမ်း၍ ပညာကို ဆက်လက်သင်ယူသွားရန် ရည်ရွယ်ထားသည်။

သူမ အနေဖြင့် ရည်ရွယ်ထားသည့် ပညာသင်ယူမှုအဆင့်ကို ပြီးမြောက်ပါက မိမိဒေသကို ပြန်လာ၍ ဒေသ အတွက်လိုအပ်သည့် ကျန်းမာရေး ဝန်ဆောင်မှုများအပြင် အမျိုးသားရေးတာဝန်များကိုပါ ပခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း ယခုလိုပြောသည်။

“ကျမ ကွန်မြူနတီထဲမှာ လိုက်လေ့လာကြည့်တော့ ကျမတို့ လူမျိုးတွေမှာ ဖြည့်ပေးရမယ့် ကွက်လပ်တွေအများ ကြီး ရှိနေတာကို တွေ့လာရတယ်။ ကျမတို့ လူမျိုးအနေနဲ့ ကျမတို့လို လူငယ်တွေကို လိုအပ်နေတယ် ဆိုတာ ကိုသိလာရတယ်။ အဲ့အတွက် ကျမ မာစတာအထိ ကျောင်းပြီးသွားရင်တော့ အမျိုးသားရေးအတွက်ပဲ ပြန်လာ လုပ်ဖို့ ရည်ရွယ်ထားတယ်။” ဟု ပြောသည်။

သူမအနေဖြင့် ငယ်စဉ်အရွယ်ကတည်းက ပဋိပက္ခဖြစ်ပွားရာဒေသတွင် ပညာကို ပုံစံမျိုးစံဖြင့် လေ့လာသင်ယူ ခဲ့ရ သော်လည်း ပညာရေးကို လွယ်လွယ်အရှုံးမပေးခဲ့ဘဲရသည့် နည်းလမ်းများဖြင့် ပညာကို ဆက်လက် သင်ယူ နေလျက်ရှိသည်။

ထို့အပြင် ငယ်ရွယ်သေးသည့် အချိန်တွင် ရည်မှန်းချက်မရှိ လမ်းပျောက်ဝေဝါးခဲ့သော်လည်း ပညာကို မရပ်တန့်ဘဲ ဆက်လက်သင်ယူခဲ့သည့် အကျိုးကျေးဇူးကြောင့်ပင် သူမဘဝတွင် အရေးကြီး လုပ်ဆောင်ရမည့် ရည်မှန်းချက် များကို မြင်တွေ့လာခဲ့သောကြောင့် သူမနည်းတူ ကျန်လူငယ်များကိုလည်း ယခုလို အားပေးစကား ပြောဆို ခဲ့သည်။

“လူငယ်တွေအနေနဲ့ သင်ယူလေ့လာမှုကို များများလုပ်ပါ။ ဆယ်တန်းပြီးတာနဲ့ မရပ်တန့်သွားနဲ့။ အမြင့်ကို ရောက် လေး ပိုပြီး အမြင်ကျယ်လေပဲ။ အမြင်ကျယ်လာတာနဲ့ ဘာကို လုပ်ဆောင်သင့်လဲ ဘာတွေအတွက် တာဝန်ရှိလာ သလဲဆိုတာ မြင်လာလိမ့်မယ်။ အခက်အခဲ ရှိနေခဲ့ရင်တောင် ကြိုးစားပြီး ထိုးဖောက်ပါ။ ပြီးရင်တော့ ကိုယ့်လူ မျိုးအတွက်လည်း တစ်ထောင့်တစ်နေရာ ပြန်လာအားဖြည့်စေချင်တယ်” ဟု ဆိုလေတော့သည်။