မေလ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ (ကော်သူးလေ)၏ မြို့နယ် (၂၇)မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူး(၅၄)ဦးတို့ ပါဝင်သည့် အုပ်ချုပ်ရေးနှင့်ပြည်သူ့စီမံခန့်ခွဲရေး နှီးနှောဖလှယ်ပွဲကို ကေအဲန်ယူ (ဗဟို)တွင် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှ (၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့အပြီး မဲ့ဝါးကလိုး ကြေညာစာတမ်းအား KNU က ထုတ်ပြန်ကြေညာလိုက်သည်။
အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပြည်သူ့အုပ်ချုပ် ရေးမြှင့်တင်မှုတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လာသူ ခေါင်းဆောင်များ၏ စုပေါင်းသဘောတူညီချက်ဖြင့် ကတိကဝတ်(၆)ချက်ပါဝင်သော မဲ့ဝါးကလိုးကြေညာစာတမ်းအား ယမန်နေ့ မေလ(၁၃)ရက်နေ့က KNUက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကြေညာစာတွင် တာဝန်ရှိသူများအနေဖြင့် ကေအဲန်ယူ၏ဖွဲ့စည်းပုံအခြေခံဥပဒေမူများကို မီးရှူး တန်ဆောင်အဖြစ် လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်းအပါအဝင် အုပ်ချုပ်ရေးစံနှုန်း မြှင့်တင်ခြင်း၊ တာဝန်ယူ၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်သော စီမံခန့်ခွဲရေးလုပ်ငန်းစဥ်များဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို လေးစားလိုက်နာရန်ဖြစ်ကြောင်း ကတိပြုဖော်ပြထားသည်။
ထို့အပြင် ပြည်သူ့အသံကိုနားထောင်ပေးရုံသာမက ပြည်သူလူထု၏ရပိုင်ခွင့်များကို ကာကွယ် စောင့်ရှောက်ခြင်း၊ မတူကွဲပြားမှုကိုအသိပြု၊ အမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်၍ ကော်သူး လေတည်ထောင်ရန် ကတိပြုထားသလို ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စွမ်းဆောင်ရည်မြှင့် တင်ခြင်းတို့အတွက် ပညာရှင်များ၊ တာဝန်ရှိသူများနှင့် မိမိတို့ပြည်သူများ ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်သည်ဟုလည်း ကြေညာစာတမ်းတွင် KNU က ဆိုသည်။
ဆက်လက်ပြီး မိမိတို့နယ်မြေအတွင်းရှိ သဘာဝအရင်းအမြစ်များကို နောက်မျိုးဆက်များအတွက် ကာကွယ်စောင့်ရှောက်၍ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်ဖွံ့ဖြိးတိုးတက်ရေး လုပ်ဆောင်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း စဥ်ဆက်မပြတ်ပြောင်းလဲနေမှုနှင့်အညီ လေ့လာသင်ယူ၍ လိုက်လျော ညီထွေရှိရေးနှင့် တိုးတက်ရေးလုပ်ဆောင်သွားမည်ဟု ကြေညာစာတွင် ထည့်သွင်းကတိပြုထားသည်။
ထိုသို့ အထက်ပါအတိုင်း ပူးပေါင်းကတိပြုနိုင်ခဲ့ရုံသာမက နှီးနှောဖလှယ်ပွဲနှင့်နောက်ဆက်တွဲပြုလုပ် သော အလုပ်ရုံဆွေးနွေးပွဲကြောင့် လက်တွေ့ကျသည့် အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေးကို ပုံဖော်နိုင်ခဲ့သလို အလွတ်သဘောဆွေးနွေးမှုနှင့် အတွေ့အကြုံဖလှယ်မှုများသည်လည်း ပူးပေါင်း ဆောင်ရွက်မှုစိတ် ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပွဲကျင်းပနိုင်ခဲ့ခြင်းနှင့်ပတ်သက်သည့် ယမန်နေ့ ထုတ်ပြန်ချက်တွင် KNU က ဆိုသည်။
နှီးနှောဖလှယ်ပွဲသည် ပွဲတက်ရောက်လာသည့်မြိုနယ်ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများအကြား ရေရှည်တည်တံ့သော ပူးပေါင်းမှုနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့အတွက် အရေးကြီးခြေ လှမ်းတစ်ရပ်ဖြစ်သလို အဆက်အသွယ်နှင့်ဆက်ဆံရေးတည်ဆောက်မှုအတွက် အခွင့်အလမ်းဖြစ်သည်ဟု KNU က ဖော်ပြသည်။
(၅)ရက်ကြာ ပြုလုပ်ပြီး ကေအဲန်ယူ နယ်မြေအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင် များနှင့် တာဝန်ရှိသူများ ပါဝင်သည့် အုပ်ချုပ်ရေးနှင့်ပြည်သူ့စီမခန့်ခွဲရေး နှီးနှောဖလှယ်ပွဲ(၂)ရက်တာနှင့် (၃)ရက်တာ အလုပ်ရုံဆွေးနွေးပွဲကို ယခုနှစ်တွင် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟု KNU ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။



















