Home သတင်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ရာဘာခြံ(၁၅)ဧက မီးလောင်ပျက်စီးခဲ့

စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ရာဘာခြံ(၁၅)ဧက မီးလောင်ပျက်စီးခဲ့

723

ဧပြီလ ၂၉ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ သထုံမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမြောက်တပ်(အမတ-၄၀၂)၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားတစ်ဦးသေ ဆုံးပြီး ရာဘာခြံ ၁၅ ဧက မီးလောင်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ(၂၇) ရက်နေ့ ည(၉)နာရီခန့်တွင် စစ်ကောင်စီ အမြောက်တပ်က လက်နက်ကြီး(၂)လုံး ပစ်ခတ်ခဲ့ခြင်းကြောင့် ဓနုကျေးနယ်၊ ဓါးရိုးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကွမ်းခြံလုပ်ငန်း လုပ်ကိုင်နေသည့် အသက်(၆၇) နှစ်အရွယ် နောင်ဘိုရွာ ဒေသခံတီးရိုးအား လက်နက်ကြီး ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

“ပြီးခဲ့တဲ့ရက်က စစ်ကောင်စီတပ်(အမတ-၄၀၂) ကနေပြီးတော့မှ ရွာတွေဘက်ကို လက်နက်ကြီး တွေနဲ့ ပစ်တာ ပေါ့။ စစ်တပ်က တိုက်ပွဲရှိလည်းပစ်တယ်၊ တိုက်ပွဲမရှိလည်း ပစ်တယ်။ အဲ့နေ့က ပစ်တော့ ရွာသားတစ်ယောက် လက်နက်ကြီးကျည်ထိပြီး သေဆုံးသွားတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ အမြောက်တပ်(အမတ-၄၀၂) တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများ နေထိုင်သည့်နေရာများအပြင် ဒေသခံအများ လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်နေရာများကိုပါ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ် မှုများကို မကြာခဏလုပ်ဆောင်လျက်ရှိကြောင်းလည်း ပဒိုစောအေးနိုင်မှ ဆက်ပြောသည်။

ထို့အပြင် အဆိုပါ အမြောက်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့လှိုင်းရွာ အနောက်ဘက်၊ ဒေသအခေါ် (ဃို့ဖိုးကော်ကုန်း)ရှိ အရပ်သားပြည်သူလုပ်ငန်းခွင်အတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ကော့လှိုင်းကျေးရွာနေ တီးဂီလိ ပိုင်သည့်ရော်ဘာခြံ (၁၀) ဧက နှင့် စောမောင်ကသဲပိုင်သည့် ရော်ဘာခြံ (၅) ဧက တို့လည်း မီးလောင် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်း စစ်ကောင်စီ အမြောက်တပ်(အမတ-၄၀၂) တပ်ရင်း ဌာနချုပ်သည် ကေအဲန်ယူ-သထုံမြို့နယ်အတွင်းရှိ အင်း ရှည်ရွာတွင် အခြေစိုက်တပ်စွဲထားသည်ဟုလည်း သိရသည်။