Home သတင်း ကော့ကရိတ်မြို့တွင် ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည်ပတ်ရန် စစ်ကောင်စီညွှန်ကြား

ကော့ကရိတ်မြို့တွင် ဌာနဆိုင်ရာလုပ်ငန်းများ ပြန်လည်ပတ်ရန် စစ်ကောင်စီညွှန်ကြား

499
Photo: (လူမှုကွန်ရက်)

‌ဧပြီလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

(၄)လ ကျော်ကြာ တိုက်ပွဲပြင်းထန်နေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့အား နယ်မြေရှင်းလင်း ရေးလုပ်ဆောင်၊ စိုးမိုးနိုင်ပြီဖြစ်သဖြင့် မြို့ပေါ်ဌာနဆိုင်ရာလုပ်ငန်းများ လာမည့် မေလ (၁)ရက်နေ့မှစ၍ ပြန်လည်ပတ်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း ‌နီးစပ်ရာကော့ကရိတ်ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဌာနဆိုင်ရာမှ Non CDM ဝန်ထမ်းများအပါအဝင် ကော့ကရိတ်ဒေသခံအများအပြား စစ်ဘေးတိမ်းရှောင်နေရသော ကော့ကရိတ်မြို့အတွင်း ပြန်လည်စိုးမိုးထားနိုင်သဖြင့် ဌာနဆိုင်ရာ များပြန်လည်ပတ်ရေး စစ်ကောင်စီ၏ညွှန်ကြားချက်ကြောင့် Non-CDM ဝန်ထမ်းအချို့ စစ်ရှောင်နေရာမှ မြို့တွင်းပြန်ဝင်နေရသည်ဟု စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်က ‌ နယ်မြေရှင်းလင်းပြီးဖြစ်လို့ ‌မြို့ပေါ်ဌာနဆိုင်ရာရုံးတွေ မေလ ၁ ရက်နေ့ကစပြီး ပြန်ဖွင့်ရ မယ်ဆိုပြီး ပြောထားတယ်။ ကျနော်ကူပေးနေတဲ့ စစ်ရှောင်တွေထဲမှာလည်း ၁ ရက်နေ့ပြန်လည်ပတ်ရမယ်ပြောလို့ မတတ်သာလို့ ပြန်သွားရတဲ့ ဆရာမတွေရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသအတွင်း အေးချမ်းသာယာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် ကော့ကရိတ်ဒေသခံများ နေရပ်ပြန်ရန် စစ်‌ကောင်စီက စည်းရုံး‌ရေး လုပ်ဆောင်နေသလို ဧပြီလ(၂၇)ရက်နေ့အထိ အိမ်ထောင်စုပေါင်း (၂၀၀)ကျော်ပါဝင်သည့် လူဦးရေ (၅၀၀)ကျော် မြို့တွင်းပြန်နေထိုင်လျက်ရှိပြီဖြစ်ကြောင်း စစ်တပ်ဝါဒဖြန့်မီဒီယာများမှတဆင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

သို့သော် လက်ရှိတွင် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပြန်လည်ပတ်ရေးညွှန်ကြားချက်ကြောင့် နေအိမ်ပြန်ရသူ ဝန်ထမ်းနှင့်၎င်းတို့မိသားစုများသာ ရှိနေပြီး အရပ်သားပြည်သူမှာ အသက်အိုးအိမ်စိုးရိမ်ချက်ကြောင့် ပြန်နေထိုင်သူမရှိသလောက် ဖြစ်ကြောင်း ကော့ကရိတ် စစ်ရှောင်များနှင့် နီးစပ်သူများက ပြောသည်။

Photo: (လူမှုကွန်ရက်)

“စစ်တပ်ကတော့ပြန်နေလို့ရပြီလို့ ခေါ်နေတာပဲ။ ကျနော်တို့စစ်ရှောင်‌တဲ့နေရာမှာလည်း ပြန်တဲ့သူ ၁၀ ယောက် လောက်ရှိတယ် မိသားစုလိုက်ပြန်တာမဟုတ်ဘူး။ ပစ္စည်းပြန်ကြည့်တာ။ သူတို့ပြောပုံအရဆို မြို့မှာမလုံခြုံလို့ ပြန်နေရဲတဲ့သူ အဲဒီလောက်မရှိဘူး။ မြို့ပေါ်မှာ ဌာနဆိုင်ရာတွေပြန်လည်ပတ်တယ်ဆိုရင်တောင် ကျနော်တို့ ပြည်သူတွေ ‌ကတော့ စောင့်ကြည့်ရဦးမှာ။” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ရှောင်နေစဉ်ကာလအတွင်း နေအိမ်ပြန်ကြည့်သည့် စစ်ရှောင်ပြည်သူအချို့ ဒရုန်း‌ဗုံးထိမှန်၍ ‌သေဆုံးခြင်းနှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခြင်းတို့ ရှိနေသဖြင့် မိမိတို့နေရပ်ပြန်နေထိုင်ရေး စိတ်ချထားရသည့်အနေအထားမဟုတ်ကြောင်း စစ်ရှောင်ကူနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီ၏ မေလ (၁) ရက်နေ့မှ စတင်၍ ပြန်လည်ပတ်ရေး ညွှန်ကြားချက်ကြောင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအချို့ မြို့တွင်းရှိ ဓာတ်ကြိုး၊ မီးကြိုးများ သိမ်းယူရှင်းလင်းရေးကို ယမန်နေ့မှစ၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ဧပြီလ (၁၁) ရက်နေ့မှစတင်ကာ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေသော်လည်း စစ်တပ်ဘက်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုအကြိမ်များစွာ အပါအဝင် ဓာတုလက်နက်များပါ အသုံးပြုလာသဖြင့် ယခင်က KNLA ပူးပေါင်းတပ် သိမ်းပိုက်ထားနိုင်သော မြို့အချို့နေရာများမှ ယာယီဆုတ်ခွာထားရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဧပြီလ(၂၁)ရက်နေ့က ပြောဆိုမှုအရ သိရသည်။