Home ဆောင်းပါး ရွာခံနယ်ခံများ အားထားနေရတဲ့ အဖူးငွေရှိန်ရဲ့ တစ်ခွက်စာ ဗိန္ဓောဆေး

ရွာခံနယ်ခံများ အားထားနေရတဲ့ အဖူးငွေရှိန်ရဲ့ တစ်ခွက်စာ ဗိန္ဓောဆေး

415

ရွာခံနယ်ခံများ အားထားနေရတဲ့ အဖူးငွေရှိန်ရဲ့ တစ်ခွက်စာ ဗိန္ဓောဆေး

နန်းဝေဖြိုးဇာ

(မတ်လ ၁၇ ရက်၊ ၂၀၂၄ခုနှစ်)

ရေနံဆေးအမည်းရောင်တစ်အိမ်လုံး သုတ်ထားတဲ့ ပျဉ်ထောင်အိမ်ကြီးရဲ့ အိမ်ရှေ့ဝရမ်တာ ကျဉ်းကျဉ်းလေးထဲမှာ ပါးစပ်ထဲ ဆေးတံကိုခဲထားရင်း ထိုင်နေတဲ့ ကရင်အမျိုးသားတစ်ဦးကြီးဟာ သစ်မြစ်တစ်ခုကို မြေအိုးဖုံးခွက်ထဲ ရေနဲ့ သွေးနေပါတယ်။

သူ့ဘေးနားမှာတော့ နို့စို့အရွယ်ကလေးကအစ သက်ကြီးပိုင်း အမျိုးသမီး၊ အမျိုးသားနဲ့ သံဃာ၊ သာမဏေ အပါအဝင် ဝိုင်းထိုင်နေကြပြီး အဲဒီအဖူး(အဖိုး)ကတော့ သူ့ဘေးပတ်လည်မှာ ဝိုင်းဖွဲ့ထိုင်နေတဲ့သူတွေကို တစ်ချက်တစ်ချက် ပြုံး ကြည့်ရင်း စကားတွေ ပြောနေပါတယ်။

သူဟာ ဗိန္ဓောဆရာလို့ အရပ်ခေါ်ကြတဲ့ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပြီး အသက် (၇၀) အရွယ်ရှိပြီဖြစ်ပါတယ်။ ရွာမှာ ရှိတဲ့ နေထိုင်မကောင်း၊ ဖျားနာတဲ့လူတွေကို သူကိုယ်တိုင် သွေးယူပေးတဲ့ဆေးရည် တိုက်ကျွေးကုသပေးတာဖြစ်ပြီး တစ်ဦးကို တစ်ခွက်ချင်းစီပဲ သွေးပေးရင်း ဆေးတိုက်ကျွေးနေတာပါ။

ကျေးရွာအတွင်းမှာ ကုစရာ ဆေးဝါး(အင်္ဂလိပ်ဆေး)မထွန်းကားခင်ကတည်းက မိသားစုအတွင်း ဖျားနာတဲ့အခါ ကုသပေးနိုင်ဖို့အတွက် ရည်ရွယ်ရာကနေ ဗိန္ဓောဆေးပညာကို သင်ယူခဲ့ပြီး ကုသပေးလာခဲ့တာ အခုအသက် ၇၀ကျော်အရွယ်ထိ တစ်ရွာလုံးက အားကိုးရတဲ့ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်နေဆဲပါပဲ။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျုံဒိုးမြို့နယ်၊ သမိန်ဒွတ်ကျေးရွာက ဗိန္ဓောဆေးဆရာ အဖူးငွေရှိန်လို့ ပြောလိုက်ရင် သူနေထိုင်တဲ့ ဇာတိကျေးရွာတင်မကဘဲ အနီးအနားကျေးရွာက ဒေသခံတွေလည်း သူ့ကို သိနေကြပါတယ်။

ခေတ်မီနည်းစနစ်နဲ့ ဆေးဖော်စပ် ထုတ်လုပ်မှုတွေ ဘယ်လောက်ထွန်းကားလာပါစေ သစ်မြစ်၊ သစ်ခေါက်ကနေ လက်နဲ့ ကိုယ်တိုင်သွေးယူပြီး ဆေးတိုက်ကာ ကုနေရတဲ့ သဘာဝတိုင်းရင်းဆေးပညာဖြစ်တဲ့ ဆေးမြီးတိုကိုတော့ သူ့ရွာမှာက မရှိမဖြစ် အားကိုးအားထားနေကြဆဲပါ။

ဒီသစ်မြစ်သစ်ခေါက်တွေနဲ့ တိုက်ကျွေးတာဟာ ပြင်းထန်နေတဲ့ရောဂါတွေကို ကုသပေးနေတာထက် ဖျားနာပြီး နေမကောင်းဖြစ်တဲ့အခါ အင်္ဂလိပ်ဆေးသောက်တာ မတည့်တဲ့လူတွေ၊ မသောက်ချင်တဲ့လူတွေကို ကုသပေးတာဖြစ်သလို အများစုကတော့ ဖျားနာ၊ ဝမ်းပျက်ဝမ်းလျှော၊ သွေးလေမမှန်၊ ဖောရောင်တာတွေနဲ့ ပတ်သက်တဲ့ရောဂါတွေပဲ ဖြစ်ပါတယ်။

အဖူးငွေရှိန်ဟာ ဆေးလာသောက်တဲ့သူတွေကို ရောက်တာနဲ့ ချက်ချင်း ဆေးသွေး၊ ဆေးတိုက်တာမဟုတ်ဘဲ ဆေးမ တိုက်ခင် ဆေးရုံ၊ ဆေးခန်းတွေက ဆရာဝန်တွေ အရင်စမ်းသပ်မှုတွေလုပ်ပေးသလိုပဲ အပူကိုစမ်းသပ်ပြီးမှ ဆေးတိုက် တာဖြစ်ပါတယ်။ သို့သော် သူ့စမ်းသပ်မှုက အပူတိုင်းကိရိယာမပါဘဲ လူနာရဲ့ လက်ကောက်ဝတ်ကိုကိုင်ပြီး သွေးကြော တွေကို ငြိမ်ငြိမ်လေး ၅ စက္ကန့်၊ ၁၀ စက္ကန့်လောက် စမ်းသပ်ရင်း ခန္ဓာကိုယ်ထဲ အဖျားပူတွေရှိမရှိ သိအောင် အရင်လုပ်ပါ တယ်။

“ကျနော်က လူနာကို အပူတိုင်းရင် သွေးလုံးကိုင်ပြီး တိုင်းတာ။ အပူရှိလား မရှိလားဆိုတာ။ အခုခေတ် အပူတိုင်းတာက သူတို့တိုင်းတာ အပူမရှိတော့ဘူး။ ဒါပေမယ့် ကျနော်က သွေးလုံးကိုင်ရင် ရှိတယ်။ သူတို့တိုင်းတာက ဂျိုင်းထဲက အပူ တိုင်းတဲ့ဟာတွေက အဖျားတက်မှ အပူတက်တယ်။ ကျနော်က အဓိက ကိုင်တာက သွေးအားနဲ့ လေအားကို ကိုင်ကြည့် တယ်။”လို့ ပိုးကရင်စကားနဲ့ ရှင်းပြပါတယ်။

လူနာတွေကို အပူချိန်စပြီး ကိုင်ကြည့်ပြီးရင်တော့ အပူများလား၊ သွေးတိုးတက်လား၊ ဝမ်းဖော ဝမ်းရောင်တဲ့လူတွေဆိုရင် ခံစားရတာတွေ ဘယ်လိုရှိသလဲ အခြေအနေ မေးကြည့်ပြီးမှ တိုက်သင့်တဲ့ ဆေးဘက်ဝင်သစ်မြစ်၊ သစ်ခေါက်တွေဖြစ်တဲ့ ကရင်အခေါ် ဆေးဖရမ်း၊ မိတ်သလင်၊ ချဉ်ပေါင်ဖာလာ၊ ဥသျှစ်သီးခွံ၊ သနပ် ခါးခေါက်၊ ဧကရစ်အမြစ်တွေနဲ့ သွေးပြီး တစ်ခွက်စာ ရောစပ် တိုက်နေတာပါ။

အဖူးငွေရှိန်ရဲ့ဆေးသွေးနည်းကတော့သစ်မြစ်၊ သစ်ဥတွေကို ပက်လက်အနေအထားနဲ့ မြေအိုးအဖုံးပေါ်မှာ ကြိတ်သွေး၊ တိုက်ကျွေးတာဖြစ်ပြီး သဘာဝသစ်မြစ်၊ သစ်ဥဖြစ်တာကြောင့် ဆေးရည်ဟာ အနံ့မွှေးသလို သဘာဝဆေးမျိုးစုံပါတာကြောင့် သောက်ရတဲ့ အရသာက ခါးသက်သက်ဖြစ်ပေမယ့် ခံတွင်းထဲကို အဝင်မဆိုးစေဘဲ သောက်လို့ကောင်းပါတယ်လို့ လာရောက်သောက်သုံးကြသူတွေက ပြောပါတယ်။

ဆေးလာကုသသူ နန်းဖော့စေ “အမြဲတမ်းပဲ ဆေးလာသောက်တယ်။ ပင်ပမ်းတဲ့အခါ၊ ခြေလက်ပမ်းကျ အိပ်လို့မရတဲ့အခါ ဆရာ့ဆီမှာ ဆေးလာသောက်ပြီးရင် ပြန်အိပ်လို့ပျော်လာတယ်။ သွေးအားလည်း ပြန်တက်တာမြန်တယ်။ ကျမ ဆေးတွေလိုက်ပြီးမထိုးဘူး။ ဒီဆေးကိုပဲ လာသောက်တယ်။ အင်္ဂလိပ်ဆေးတွေက ဥပမာ ပါရာစီတမောတွေဆိုရင် သောက်များရင် အစာအိမ်ထိတယ်။ ဒီဆေးကတော့ အစာအိမ်ထိတာ မရှိဘူး။ မျှပြီးတွဲသောက်ရတာပေါ့။ ဗိန္ဓောကတော့ အင်္ဂလိပ်ဆေးလို ပျောက်တာမမြန်ဘူးပေါ့။ အဖျားတွေတက်ရင် မြန်မြန်ပျောက်ချင်ရင် အင်္ဂလိပ်ဆေးသောက် လိုက်တယ်။ အပူတွေကျသွားတော့ ပျောက်ဖို့ဆိုရင် ဒီဗိန္ဓောကို ပြန်သောက်တယ်။ ၂မျိုးတွဲသောက်လိုက်တော့ ရောဂါ ခံစားရတာလည်း နည်းနည်းသက်သာတယ်။ ရောဂါသေးသေးတွေကတော့ ပျောက်တယ်။”လို့ ပြောပြပါတယ်။

အဖူးငွေရှိန်ရဲ့ကျေးရွာနဲ့ အနီးတဝိုက်ရွာတွေမှာ တိုင်းရင်းဆေးဆရာအချို့ရှိပေမယ့်လည်း ရောဂါကြီးပြီး ဖောရောင်တာ တို့၊ နာတာရှည် နေမကောင်းဖြစ်တဲ့သူတွေကိုတော့ ကုသပေးတဲ့သူ သိပ်မရှိပါဘူး။ သို့သော်လည်း အဖူးကတော့ ဘာရောဂါဖြစ်ဖြစ် သူဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံအရ ကုသမပေးရဲတာမရှိဘူးလို့လည်း ပြောပါတယ်။

သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်တဲ့အချိန်မှာ အင်္ဂလိပ်ဆေးဝါးတွေကို အဓိကထား အားကိုးကြပေမယ့်လည်း ရံဖန်ရံခါ အင်္ဂလိပ်ဆေးတွေနဲ့ မတည့်တဲ့အခါမှာ ဒီလို ဗိန္ဓောဆေးတွေနဲ့ ပြန်လာကုသပြီး ပျောက်သွားတာတွေရှိတယ်လို့လည်း သူက ဆိုပါတယ်။

အဖူးရဲ့အိမ်မှာ ဆေးလာသောက်တဲ့လူနာတွေက တစ်ရက်ကို ပျမ်းမျှ ၁၅ယောက်ကနေ အယောက် ၂၀အထိရှိပြီး ပုံမှန် အားဖြင့် ဆေးတိုက်ကျွေးချိန်ကတော့ မနက်ပိုင်းအချိန်နဲ့ ညနေပိုင်းအချိန်တွေဟာ လူနာတွေကို ဆေးတိုက်တဲ့အချိန် ဖြစ်ပါတယ်။ တချို့က မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လာသောက်တဲ့လူရှိသလို လမ်းလျှောက်မနိုင်တဲ့ လူနာတချို့နဲ့ အရေးပေါ်လူနာတွေအတွက် လူနာရှင်တွေလာခေါ်ရင် ညဘက်လည်း အိမ်တိုင်ရာရောက် သွားပေးပါတယ်။

“တချို့ဆိုရင် ညပိုင်း အရေးပေါ်ဖြစ်တဲ့အခါမှာ ည ၁နာရီဖြစ်ဖြစ်၊ ၂နာရီဖြစ်ဖြစ် လာခေါ်ရင်တော့ သွားရတာပဲ။ တခါ တလေ သူများလာခေါ်ပြီး ကျနော်ထွက်သွားတာ ကျနော့်မိန်းမတောင် မသိဘူး။ သူတို့အိပ်ရေးပျက်မှာစိုးလို့ မပြောဘဲ ထွက်သွားလိုက်တာ။ လူနာတွေကို ဆေးတိုက်ပြီးရင် သူတို့အခြေအနေ စောင့်ကြည့်ရတယ်ဆိုတော့ မိုးလင်းမှ အိမ်ပြန်ရောက်တာ။ မိုးလင်းရင် အိမ်မပြန်လာလို့လည်း မဖြစ်ဘူး။ ဘာဖြစ်လဲဆိုရင် မိုးလင်းတာနဲ့ ဆေးလာသောက်တဲ့လူတွေက မနက်စောစော ရောက်လာပြီးလေ။”လို့ အဖူးငွေရှိန်က ပြောပါတယ်။

နွေရာသီထက် မိုးတွင်းကာလတွေမှာ နေမကောင်း ဖျားနာသူတွေများတာကြောင့် မနက် ၆နာရီကနေစပြီး ၉ နာရီကျော်အထိ တစ်မနက်လုံး ဆေးတွေ ထိုင်ကြိတ်ပြီး သွေးနေရသလို ညနေပိုင်းမှာဆိုရင်လည်း ညနေ ၄နာရီကနေစပြီး ည ၇နာရီအထိ ဆေးကြိတ်နေရတယ်လို့ သူက ဆိုပါတယ်။

ဆေးတစ်ခွက်ချင်းအတွက် ဆေးမြစ်တွေကို အားစိုက်သွေးပေးရတာ ပင်ပမ်းပေမယ့်လည်း အဖူးငွေရှိန်ကတော့ အပြုံးမ ပျက်ဘဲ စေတနာနဲ့ နေ့စဉ် ဆေးသွေးပေးနေပါတယ်။ သားယောက်ျားလေးချည်း ၅ယောက်ရှိပြီး စကားနည်းတဲ့ ဇနီး သည်က လူနာတွေကြောင့် မိသားစုစီးပွားရေးခြံလုပ်ငန်းကို တခါတလေ လျစ်လျူရှုထားရတဲ့ သူ့အပေါ်ကို နားလည်မှုအပြည့် ပေးထားပါတယ်။

အဖူးငွေရှိန်က “အရင်တုန်းက အသက်ငယ်တဲ့အချိန်ဆိုရင် ဆေးကုတာအပြင် ကိုယ်ပိုင်ခြံအလုပ် လယ်ယာတွေလုပ်နိုင် တယ်။ အခုကတော့ အချိန်မပေးနိုင်တော့ဘူး။ အရင်လိုလည်း သိပ်မသွား နိုင်တော့ဘူး။ မိန်းမက သူ့သားနဲ့ ခြံထဲမှာ သွားနေရတယ်။ ဆေးလာသောက်တဲ့ လူနာတွေ အမြဲရှိတော့ သူက မသွားခိုင်းဘူး။”လို့ ပြောပါတယ်။

လူနာအပေါ် စိတ်ကောင်း၊ စေတနာကောင်းထားပြီး ဆေးကုသပေးနေတာမှာ သူ့အနေနဲ့ ဆေးဖိုးဝါးခ အခကြေးငွေ မယူပေမယ့် ရောဂါပျောက်ကင်းပြီးတဲ့အချိန်မှာ လူနာတွေဘက်ကတော့ စေတနာရှိသလောက် ပြန်လာကန်တော့ကြတာ ရှိပါတယ်။

ဒေသရဲ့ရိုးရာဓလေ့ လုပ်ရိုးလုပ်စဉ်အရ မိမိကို ဆေးကုသပေးတဲ့ မည်သည့်ဆေးဆရာကိုမဆို ကန်တော့ပွဲ ပြန်ပေးလေ့ ရှိပါတယ်။ အဲဒါကို အရင်ကတည်းက တစ်ရွာလုံး ကျင့်သုံးနေတတ်ကြတာပါ။ တကယ်လို့ ကုပေးတဲ့ဆေးဆရာကို ကန်တော့ပွဲ ပြန်မပေးဖြစ်ရင် ဆရာတွေဘက်က မိသားစုဝင်ဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခု ပြန်ထိခိုက်တတ်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေလည်း ရှိပါတယ်။

ကန်တော့ပွဲလို့ ဆိုရာမှာလည်း အုန်း၊ ငှက်ပျောတွေပါတဲ့ ကန်တော့ပွဲကြီးမျိုး မဟုတ်ဘဲ ပန်းကန်ပြားထဲမှာ ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ဆေးလိပ်၊ အမွှေးတိုင်၊ ဖယောင်းတိုင်နဲ့အတူ တချို့က စေတနာရှိသလောက် ငွေသားတွေအားဖြင့် ကျပ် ငါးထောင်၊ တစ်သောင်း ပူဇော်ငွေအဖြစ် ထည့်တတ်ကြပါတယ်။ ကန်တော့ပွဲလာပို့ချိန်မှာလည်း ဆရာက တိုက်ရိုက် ကိုင်တာ မဟုတ်သလို အိမ်ရဲ့ဘုရားစင်ပေါ်တင်ထားပြီး အားတဲ့အချိန်ကျမှ အဖူးက ပြန်ပူဇော်ကန်တော့ပါတယ်။

လူနာတစ်ဦးက “ရိုးရိုးဖျားနာရင် ဆေးတစ်ခွက် နှစ်ခွက်သောက်ပြီးရင် ပျောက်သွားရှိတယ်။ တစ်ခါတစ်လေ သုံးရက် တစ်ပတ်လောက်အထိ ဆက်တိုက် ဆေးလာသောက်ပြီးမှ နေမကောင်းဖြစ်တာ ပျောက်တာရှိတယ်။ ပျောက်သွားပြီး ဆိုရင်တော့ အဖိုးကို ကန်တော့ပွဲတင်ပြီး ပြန်လာကန်တော့တာပေါ့။ သူက ဆေးဖိုး ဘယ်တော့မှ မတောင်းဘူး။ ကန်တော့ပွဲနဲ့ လာတင်ရမယ်လို့လည်း ဘယ်တော့မှ မပြောဘူး။ တချို့က ဆေးလာသောက်ရတာ ရက်ပေါင်းကြာလာရင် မပျောက်သေးဘဲလည်း လာကန်တော့တာ ရှိတယ်လေ။”လို့ ပြောပါတယ်။

အဖူးငွေရှိန်ရဲ့ ဆေးအမယ်တွေထဲမှာ သစ်အမြစ်၊ သစ်ခေါက်၊ သစ်စေ့အပြင် ငန်းဆေးကလည်း မပါမဖြစ် ပါဝင်ပါတယ်။ အဲဒီငန်းဆေးကို အသီး၊ အရွက် (၇)မျိုးနဲ့ ရောစပ်ရပြီး တန်ဆောင်မုန်းလပြည့်နေ့မှာပဲ ဆေးဖော်စပ်ရတာ ဖြစ်ပါတယ်။ ထူးခြားတာက ဆေးပေါင်းခတဲ့နေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ တိုင်းရင်း(ဗိန္ဓော)ဆေးကို စုဆောင်းဖော်စပ်လေ့ရှိပြီး ရွာသားတွေကလည်း ဆေးတွေလာ ဝိုင်းထောင်းကူပေးရင်း ရပ်ရွာထဲက လူနာတွေကို သူကုသပေးတဲ့ဆေးတွေ ရရှိလာပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ဟာ တစ်နှစ်တာလုံး ဆေးပြန်သုံးနိုင်ဖို့အတွက် စုဆောင်းတဲ့ရက် တစ်ရက်ဖြစ်တာကြောင့် အဖူးငွေရှိန်ရဲ့အိမ်မှာ ဆေးဘက်ဝင် သစ်မြစ်၊ သစ်ခေါက်တွေကို လာရောက်ပို့ပေးပြီး ဆေးကိုဝိုင်းကူထောင်းတဲ့သူတွေ များလှသလို ဆေးဝိုင်းထောင်းပေးသူတွေကိုလည်း မုန့်၊ လက်ဖက်ရည်တို့အပြင် မဲဇလီဆန်ပြုတ်၊ ထမင်းဟင်းတွေနဲ့ ပြန်ကျွေးမွေးလေ့ရှိပါတယ်။

“ငန်းဆေးက ဆေးအမျိုးပေါင်း (၇)မျိုးပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မှာ အဲဒီငန်းဆေးမှာပါတဲ့ အသီးတွေကို ခူး တယ်။ ပြီးတော့ ထောင်းတယ်၊ ထောင်းပြီး ပြန်လုံးတယ်။ အဲဒီနေ့မှာ အပြီးလုပ်တယ်။ အဲဒီနေ့မှာ နှစ်ဆုံ ထောင်းရတယ်။ လာထောင်းတဲ့လူတွေလည်း ပျော်ပျော်ပါးပါးနဲ့ အဲဒီနေ့မှာ ဝိုင်းလုပ်ဝိုင်းစား ညနေစောင်းမှ ပြီးတယ်။ ဗိန္ဓောမှာ ငန်းဆေးက အချုပ်ဖြစ်တယ်။ အဲဒီငန်းဆေးထဲမှာ ပါတဲ့အရာတွေက လက်ဖက်ရွက်၊ ကွမ်းရွက်၊ နနွင်းဥ၊ ဂျင်း၊ (ကရင် အခေါ်) ခညွန်းနဲ့ ထမင်းဟင်းချက်တဲ့ မီးဖိုအပေါ်မှာ ကပ်နေတဲ့အရာ ကရင်အခေါ် (ဃွိုင်)တွေ ပါတယ်။ (၇)မျိုးပါတယ်။ အသီးတွေဆိုရင် အကုန်လုံးက အစိမ်းတွေပဲ။ အဲဒါကို ညှက်အောင်ထောင်း၊ ထောင်းပြီး ပြန်လုံး။ လုံးပြီးရင် အခြောက်ပြန်လှန်းရတယ်။ မခြောက်ရင် ထားလို့မခံဘူး။ ခြောက်ဖို့က အချိန်တစ်လလောက် ယူရတယ်။”လို့ လုပ်ပုံ လုပ်နည်းကို ပြောပြပါတယ်။

အခုခေတ်ကာလမှာ တိုင်းရင်းဆေးတွေအတွက် ကုန်ကြမ်းကလည်း အလွယ်တကူ ဝယ်ယူရရှိဖို့ အမှုန့်တွေ၊ ဆေးလုံး အမျိုးမျိုးတွေနဲ့ စျေးကွက်မှာ ရောင်းချနေတာရှိပေမယ့်လည်း အဖူးငွေစိန်ကတော့ ဆေးကို လက်နဲ့ကြိတ်သွေးယူပြီး ကုပေးတဲ့ နည်းတစ်မျိုးကိုပဲ သုံးသလို သစ်မြစ်၊ သစ်ဥ၊ သစ်ခေါက်၊ အသီးခွံ စတဲ့ အမျိုးပေါင်း ၃၀ကျော်နဲ့ ရောဂါအမျိုး မျိုးကို ချိန်ဆပြီး တွဲသုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

အဖူးက “ကျနော်လည်း ဒီဆေးတွေပဲ ကိုင်တယ်။ ဒီထက်ဆန်းတာတွေ မရှိဘူး။ ဒီဆေးတွေက ကျနော်တို့ငယ်ငယ်ကတည်းက ရှိထားတာ။ အင်္ဂလိပ်ဆေးတွေ မရှိဘူး။ အင်္ဂလိပ်ဆေးရှိရင် ဗမာစစ်တပ်တွေက အရင်တုန်းက လိုက်ဖမ်းတာ ရှိခဲ့တယ်။ တချို့ကတော့ မြို့မှာဆေးသွားကုတယ်။ မပျောက်တော့ ကျနော့်ဆီမှာ ပြန်လာကုသောက်တဲ့သူတွေလည်း ရှိတယ်။ အင်္ဂလိပ် ဆေးမပေါ်တဲ့အချိန်တုန်းက ဒီလိုဆေးတွေပဲ သောက်တယ်။ သစ်မြစ်၊ သစ်ခေါက်နဲ့ပဲ သွေးပြီးသောက် တယ်။”လို့ ပြောပါတယ်။

ဆေးအမျိုးအစား အဖုံဖုံကို ဖော်စပ်ရောင်းချလာတဲ့ခေတ်မှာ တိုင်းရင်းဆေးဖြစ်တဲ့ ဗိန္ဓောဆေး တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ စိုးရိမ်နေသလို ဒီလိုသဘာဝဗိန္ဓောဆေးကို ရပ်ရွာဒေသအတွင်းမှာ စိတ်ဝင်စားတဲ့ လူငယ်တွေ မရှိသလောက် နည်းပါးလာတာကို တွေ့နေရတယ်လို့ သူက ဆိုပါတယ်။

သူ့ရဲ့ဆေးပညာနဲ့ပတ်သက်ပြီး ရန်ကုန်က တိုင်းရင်းဆေးဆရာတွေလည်း လာရောက်လေ့လာ မေးမြန်းဖူးတာရှိသလို မျိုးဆက်သစ်တွေ စိတ်ပါဝင်စားရင် သင်ပေးဖို့အတွက် သူ့အနေနဲ့ စိတ်အားထက်သန်ပါတယ်လို့လည်း ဆိုပါတယ်။

“အခု လောလောဆယ်တော့ ကျနော့်သားအလတ်တစ်ယောက်ကို ကြည့်ရတာ သူက စိတ်ရှည် မှုရှိတယ်ဆိုတော့ ဒီပညာအမွေတွေကို သူ့ကိုပြန်ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒီအလုပ်က စိတ်ရှည်မှ လုပ်လို့ရတယ်လေ။ လောလော ဆယ်တော့ နည်းနည်းစီ သင်ပေးတယ်။ တခြားလူတွေလည်း စိတ်ပါ ဝင်စားလာပြီး သင်ယူမယ်ဆိုရင် အချိန်အများကြီး မကုန်ဘူး။ တစ်လကျော်ကျော်လောက်ဆိုရင် သွေးလုံးကိုင်တာတွေ၊ ဆေးချိန်ဆရတာတွေ တတ်ပါပြီး။”ဟု ပြောပါ တယ်။

ဗိန္ဓောဆရာ အဖူးငွေရှိန်ဟာ သူ့ဆေးပညာကို နောင်လာနောင်သားလူငယ်တွေအတွက် အခကြေးငွေမယူဘဲ လက်ဆင့်ကမ်းပြီး ပညာအမွေပေးချင်တဲ့ စိတ်ဆန္ဒရယ်၊ ဗိန္ဓောဆေးပညာ မပပျောက်စေဖို့ရယ် ပညာအမွေယူချင်တဲ့လူငယ်တွေ ပေါ်ထွန်းလာဖို့ အိမ်မှာဆေးတိုက်ကျွေးကုသရင်း စောင့်မျှော်နေပါတော့တယ်။