Home သတင်း ရေး-ထားဝယ်လမ်းပိုင်းတွင် ကျပ်သိန်း(၉၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရေး-ထားဝယ်လမ်းပိုင်းတွင် ကျပ်သိန်း(၉၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

670
Photo: BHA

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သိန်း (၉၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ဗထူးတပ်မတော်-BHA က ထုတ်ပြန်ထားသည်။

ရေဖြူမြို့နယ်၊ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ် ရေး-ထားဝယ်လမ်းပိုင်းတွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ စစ်ဆေးမှုများပြုလုပ်စဉ် ရန်ကုန်မှထားဝယ်သို့ ကုန် ပစ္စည်းများ တင်ဆောင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးအား စစ်ဆေးရာတွင် ကုန်များအတွင်း စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်-BHAမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီမူးယစ် ဆေးဝါးနဲ့ လုပ်ကိုင် စားသောက်နေတဲ့ သူတွေကလည်း ဒီအာဏာသိမ်းပြီး နောက် ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတာတွေရှိလာတယ်။ ဒါကြောင့် ကျနော်တို့က မိမိကိုယ်ကျိုး အတွက်ပဲကြည့်ပြီး တိုင်းပြည်အနာဂတ်ကိုဖျက်ဆီးမယ့် လုပ်ရပ်မှန်သမျှကိုတော့ ဆန့်ကျင်သွားရပါမယ်။ ဖမ်းဆီးခံထားရတဲ့ ကုန်တင်ကား မောင်းသူနှစ်ဦးကိုလည်း လောလောဆယ် စစ်ဆေးဆောင်ရွက် နေတုန်းပါပဲ။”ဟု ပြောသည်။

Photo: BHA

အဆိုပါ ကုန်တင်ယာဉ်ပေါ်အတွင်း ကာလတန်ဘိုးကျပ်ငွေ (၉၈၈,၀၆၀,၅၀၀)တန်ဘိုးရှိ စိတ်ကြွရူး သွပ်ဆေးပြား -WY အလုံးရေ စုစုပေါင်း( ၂၈၂,၃၀၃)လုံးအပြင် ငွေကျပ် (၁,၁၀၃,၂၀၀) ကျပ်နှင့် လက်ကိုင် ဖုန်း နှစ်လုံးတို့ကို စစ်ဆေးတွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားများကို မီးရှို့ ဖျက်ဆီး လိုက်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ဆက်ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုကို ဗထူးတပ်မတော် (BHA)၊ ရေဖြူမြို့ နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) တို့ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း ဗထူးတပ်မတော်၏ ထုတ်ပြန်ထားချက်အရ သိရသည်။