Home သတင်း တိုက်ပွဲထပ်ဖြစ်မည်စိုး၍ လိပ်သိုဒေသခံ ထောင်နှင့်ချီ ဆက်လက်တိမ်းရှောင်နေ

တိုက်ပွဲထပ်ဖြစ်မည်စိုး၍ လိပ်သိုဒေသခံ ထောင်နှင့်ချီ ဆက်လက်တိမ်းရှောင်နေ

654
Photo: CJ

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းက လိပ်သိုမြို့ပေါ်ရဲစခန်းနှင့်တပ်ရင်းများ တိုက်ခိုက်ခံရစဥ် မြို့တွင်းပစ်ခတ်မှုကြောင့် နေရပ်ရှောင်နေထိုင်ရသော ဒေသခံထောင်နှင့်ချီ ယနေ့အထိ နေအိမ်မပြန်ရဲဘဲ ဆက်လက်တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများရှိနေခြင်းနှင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိပ်သိုမြို့ပေါ်နှင့် အနီးအနားကျေးရွာမှ ဒေသခံထောင်ချီသည် နေရပ်မပြန်ရဲသေးဘဲ ဆက်လက်ရှောင်တိမ်းနေကြခြင်းဖြစ်သည်ဟု နယ်ခံများက ပြောသည်။

နယ်ခံအမျိုးသားတစ်ဦးက “လူတွေလည်း တအားကြောက်လန့်ပြီးပြေးကြတာ တော်လှန်ရေး တပ် ဘက်က နောက်ထပ်လာပစ်ဖို့ရှိသေးတယ်။ အဲ့လိုသတင်းတွေကြားတယ်။ (၁၁)ရက်နေ့လောက်ကမှ ဟိုက်ဂျက်နှစ်စီး ၊ ဆိုင်ကယ်လေး၊ ငါး၊ ခြောက်စီးလောက်နဲ့ ရွာတွေဘက်ကိုသွားတဲ့သူတွေလည်း သွား တယ်။ တောင်ငူဘက်နဲ့ မြသာကုန်းဘက် ရှောင်တဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲ ထပ်ဖြစ်လာဦးမယ်ဆိုပြီး စိုးရမ်တကြီးနဲ့ရှောင်ကြတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြန့်ကြဲနေသော စစ်ဘေးရှောင်အရေအတွက်ကို စာရင်းကောက်ယူရန် ခက်ခဲသဖြင့် စစ်ရှောင်ဦးရေ တိတိကျကျမသိရှိရသော်လည်း လိပ်သိုမြို့တစ်မြို့တည်းတွင်ပင် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ သုံးထောင်ကျော်ရှိဟု ဖော်ပြထားသည်။

လဆန်းပိုင်းက တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်သဖြင့် နေအိမ်အများအပြား ပျက်စီးခဲ့ရသလို ထိုရက်နောက်ပိုင်း စစ်ကောင်စီက တပ်အင်အားဖြည့်တင်း၍ လိပ်သိုမြို့အခြေစိုက် ၎င်းတို့၏ခြေမြန် တပ်ရင်း -ခမရ-၆၀၃ အတွင်းတွင်သာ ဝင်ရောက်နေရာယူထားသည့်အနေအထားဖြင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

“လိပ်သိုကတော့ မတည်ငြိမ်သေးပါဘူး။ လူတွေကတော့ လက်နက်ကြီးနဲ့ထု ပစ်လို့ ပြေးရတာ။ စစ်ရှောင်ဦးရေ ခန့်မှန်းဖို့ကတော့ ခက်ပါတယ်။ တိုက်ပွဲမှာတုန်းက သူတို့(စစ်တပ်)ဘက်က အသေ အပျောက်များထားတယ်။ အခုလည်းအပြင်ကို မထွက်ရဲဘူး (၆၀၃) တပ်ရင်းထဲကနေသာ လက်နက်ကြီး နဲ့ထုနေတာ” ဟု တိုက်ပွဲအတွင်းပါဝင်သည့် သံတောင်မြောက်ပိုင်း(အထူးဒေသ)ကာကွယ်ရေးတပ်ဖွဲ့-NTDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်နှင့် (၂) ရက်နေ့တို့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ NTDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက လိပ်သိုမြို့ ခမရ(၆၀၃)တပ်စခန်း နှင့် မြို့မရဲ စခန်းများ အပါအဝင် မိုင်းလွန်အောက်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိုင်းလွန်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်း နယ်မြေမ တည်ငြိမ်မှု နှင့်ပစ်ခတ်မှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ စစ်ဘေး ရှောင်ဦးရေ နှစ်သောင်းကျော်ရှိနေသည်ဟု KNU ၏ ထုတ်ပြန်ထားသည်။ ယခုနှစ် ဖေဖော် ဝါရီလအတွင်းက လိပ်သိုနှင့် ထန်းတပင်မြို့နယ်ရှိ တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ပိုမိုတိုးပွားလာလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။