Home သတင်း လေကြောင်းခရီး သွားလာနိုင်ရန် အုပ်ချုပ်ရေးမှူးများအား ငွေကြေးပေးဆောင်နေရ

လေကြောင်းခရီး သွားလာနိုင်ရန် အုပ်ချုပ်ရေးမှူးများအား ငွေကြေးပေးဆောင်နေရ

744
Photo: CJ

ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိဒေသခံများအနေဖြင့် လေကြောင်းခရီးဖြင့် သွားလာနိုင်ရန်အတွက် သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများကို ငွေကြေးပေးဆောင်၍ ပြုလုပ်နေရကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်း မဟုတ်သူများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူမည်ဆိုပါက ရပ်ကွက် ၏ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ပြီးမှသာ လေယာဉ် လက်မှတ်ဝယ် ယူခွင့်ရရှိမည်ဖြစ်ကြောင်း မြိတ်မြို့နေ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“လေယာဉ်လက်မှတ်ဝယ်မယ်ဆိုရင် ရပ်ကွက်‌ထောက်ခံစာပါမှရတယ်။ တစ်ခါလုပ်ရင်တော့ တစ်သောင်းအထိ ပေးရတယ်။ စာထုတ်တာကတော့ လေဆိပ်ကပဲ၊ ပြီးခဲ့တဲ့ (၉) ရက်နေ့က ထုတ်ပြန်လိုက်တာ။ ရပ်ကွက်ရုံး ရောက် ရင်တော့ ဘယ်ကိုသွားမလဲ၊ ဘာကိစ္စလဲဆိုတာကအစ စစ်နေတာ။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လေကြောင်းဖြင့် ခရီးသွားသူများအနေဖြင့်လည်း ရပ်ကွက်ထောက်ခံစာမပါပါက မြိတ်လေဆိပ်ရှိ စစ်ကောင်စီလက်အောက်ခံရဲများမှ စစ်ဆေးမှုများအပြင် ဒဏ်ကြေးငွေများ ပေးဆောင်ရသည်အထိ ပြုလုပ် နေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယခုလို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာန(မြိတ်လေဆိပ်)မှ ထုတ်ပြန်လိုက်သောကြောင့် လေကြောင်းဖြင့် ခရီးသွားမည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ထောက်ခံစာ မထုတ်ပေးမှာကို စိုးရိမ်မှုများလည်းရှိနေကြောင်း နောက်ထပ် မြိတ်မြို့ခံ တစ်ဦးက ပြောသည်။

၎င်းက “အွန်လိုင်းကနေလေယာဉ်လက်မှတ်ဝယ်တဲ့သူတွေလည်း ရပ်ကွက်ထောက်ခံစာပါမှ ဝယ်လို့ရတော့တယ်။ အဲ့လိုလုပ်ထားတော့ ကိုယ်က လက်မှတ်ဝယ်ထားပြီးပြီ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေက ထောက်ခံစာ မထုတ်ပေး တော့ရင်သွားပြီးလေ။ ထောက်ခံစာကလည်း အရင်လို လွယ်လွယ်ကူကူနဲ့ ထုတ်မရတော့ဘူး။ ဒီစစ်မှုထမ်း ရမယ် ဆိုတဲ့ အမိန့်ထွက်ပြီးမှ အခုလိုလုပ်တာဆိုတော့ ပြည်သူတွေကို ပြည်ပမထွက်စေချင်တော့တဲ့ သဘော ပဲ။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင်လည်း ယခုလာမည့် ၁၅ ရက်နေ့မှစတင်ကာ ကျောက်ဖြူမှတစ်ဆင့် ရန်ကုန်သို့လေကြောင်းဖြင့် ခရီးသွားလာမည်ဆိုပါက ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးများတွင် ကြိုတင်ခွင့်ပြုချက်တောင်းခံရမှာဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ရေး သားဖော်ပြထားချက်အရ သိရသည်။