ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးသာမက နိုင်ငံ၏ အစွန်းရောက် ဘာသာရေး၊ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခံရမှုများနှင့် ဖိုဝါဒီလွှမ်းမိုးမှုများအားလည်း ပြောင်းလဲရမည့် တော်လှန် ရေးဖြစ်ကြောင်း လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ-GSCN က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က GSCN အဖွဲ့တည်ထောင်ခြင်း(၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ မအယ်လီနာက စစ်တပ် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတော်လှန်ရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
GSCN အနေဖြင့်လည်း စစ်အာဏာရှင်စနစ်အမြတ်ပြတ်ရေး၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ်ပေါ် ပေါက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းရေးနှင့် ဖိနှိပ်ခံလူထုတစ်ရပ် လုံးလွတ်မြောက်ရေး စသည့် နိုင်ငံရေးရည်မှန်းချက်များ ချမှတ်လုပ်ဆောင်နေပြီး အာဏာရှင်စနစ်ကို တော်လှန်ခြင်းသာမက စစ်တပ်၏အယူဝါဒလွှမ်းမိုးထားသော အစွန်းရောက် ဘာသာရေး၊ လူမျိုးရေး၊ လိင်ခွဲခြားမှုနှင့် ဖိုဝါဒလွှမ်းမိုးမှု များကိုလည်း ပြောင်းလဲရမည်ဖြစ်ကြောင်း ကော်မတီဥက္ကဌ မအယ်လီနာက ပြောသည်။
၎င်းက“ ဒီတော်လှန်ရေးဟာ စစ်တပ်ရဲ့စစ်အယူဝါဒတွေအရ စွဲပြီးရှိနေတဲ့ ဘာသာရေး၊ လူမျိုးရေး အစွန်း ရောက်မှုတွေ ဖိုဝါဒီတွေ၊ လိင်အားဖြင့်ခွဲခြားဆက်ဆံတဲ့အယူဝါဒတွေအကုန်လုံးကို ပြောင်းလဲရမယ့် တော်လှန် ရေးဖြစ်ပါတယ်။ အလွှာတိုင်းကို ထည့်သွင်းစဥ်းစားထားတဲ့တော်လှန်ရေးဖြစ်တဲ့အတွက် တစ်ဦးတစ် ယောက်ရဲ့ခေါင်းဆောင်မှုနဲ့ သွားလို့မရဘူး။ အားလုံးရဲ့စုပေါင်းခေါင်းဆောင်မှုနဲ့သွားရမှာဖြစ်တယ်” ဟု အခမ်းအနားတွင် ပြောသည်။
စစ်တပ်က အာဏာသိမ်းလိုက်ယူလိုက်ပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအတွင်း မူဝါဒ(၅)ချက်နှင့် ကြွေးကြော်သံ(၄)ရပ်ကို ကိုင်ဆွဲကာ ကရင်၊ ဗမာ အပါအဝင် လူမျိုး ပေါင်းစုံ၏ စုပေါင်းခေါင်းဆောင်သာစနစ်ဖြင့် GSCN ကို ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်သည်ဟု သိရသည်။
အထက်ပါ မူဝါဒနှင့် ရည်မှန်းချက်၊ ရပ်တည်ချက်များအတိုင်း GSCN အနေဖြင့် လက်ရှိအချိန်ထိ လှုပ်ရှား ဆောင်ရွက်နေသလို ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစ၍ အာဏာစတင်အသက်သွင်းလိုက်သော စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူထုတစ်ရပ်လုံး ဖိနှိပ်ခံနေရခြင်းဖြစ်သည်ဟု အလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ မအယ်လီနာက ဖြည့်စွက်ပြောသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းရှိ လူတန်းစား၊ လူမျိုးပေါင်းစုံအား ခြွင်းချက်မရှိ တပြေးညီသက်ရောက်လာသော စစ်ကောင်စီ၏လုပ်ရပ်များအတွင်း နိုင်ငံရေးအရအံတုမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် သပိတ်ကော်မတီအ သီးသီး၏အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးသောနေရာတွင် ရှိနေကြောင်း မဟာဗျူဟာညှိနှိုင်းဖော်ဆောင် ရေးအင်အားစု-SIF က အခမ်းအနား အမှတ်တရစကားပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။
“စစ်မှုမထမ်းမနေမနေရ ဥပဒေပြဌာန်းပြီးတော့ ကျမတို့လူငယ်ထု အထူးသဖြင့် ၃၅ နှစ်အောက်လူငယ်ထုကို ခြိမ်းခြောက်လာတာတွေရှိနေတယ်။ နေ့စဥ် စစ်ရာဇဝတ်မှုတွေကျုးလွန်တာတင်မကဘဲနဲ့ အခုလို လူမျိုးပေါင်း စုံကိုတပြေးညီသက်ရောက်တဲ့ ထုတ်ပြန်ချက်နောက်ဆက်တွဲမှာ သပိတ်ကော်မတီ အသီးသီးရဲ့အခန်းကဏ္ဍတွေက အရေးကြီးတဲ့နေရာမှာရှိလာပါတယ်။ ကျမတို့လူအများစုက လက်နက်မကိုင်နိုင် တဲ့အတွက် နိုင်ငံရေးအံ တုမှုလုပ်ငန်းတွေက အများကြီးလိုအပ်ပါတယ်” ဟု SIS မှ သဥ္ဇာရွှန်းလဲ့ရည်က ပြောသည်။
ထို့အတူ နိုင်ငံရေးအစုအဖွဲ့များနှင့်ခေါင်းဆောင်များအနေဖြင့် GSCN ၏ ဦးဆောင်နိုင်မှုနှင့် ရှေ့ဆက် လုပ်ငန်းစဥ်များအတွက် ဝန်းရံအားပေးရန် လိုအပ်သလို SIF အနေဖြင့်လည်း တော်လှန်ရေး မျှော်မှန်း ချက်များအတိုင်း ဖက်ဒရယ်ဒီမိုကရေပြည်ထောင်စု တည်ဆောင်နိုင်သည်အထိ လက်တွဲတိုက်ပွဲဝင် သွားမည် ဖြစ်ကြောင်း SIF က တိုက်တွန်းပြောဆိုထားသည်။
ဖေဖော်ဝါရီလ (၁၁)ရက်နေ့က အွန်လိုင်းအစီအစဥ်ဖြင့် ပြုလုပ်ခဲ့သည့် GSCN ၏ (၃)နှစ်ပြည့်အခမ်းအနားကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC၊ ဒီမိုကရက် တစ်လူငယ်ကောင်စီ အစရှိသည့် တော်လှန်ရေးအဖွဲ့အစည်းများက ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြသည့်အပြင် ကရင်နီပြည်နယ်တစ်နေရာတွင်လည်း အခမ်းအနားနေ့အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။
(General Strike Committee of Nationalities – GSCN) ကို တိုင်းရင်းသားလူမျိုး၂၇ မျိုးဖြင့်ဖွဲ့စည်းထားပြီး အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရုံသာမက စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ကျား၊ မ တန်းတူရေးနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ကိုယ်စားပြုပါဝင်ရေး အကောင်အထည်ဖော် ဆောင်နေသည်ဟု ကော်မတီထံမှ သိရသည်။