ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသော် လည်း ပြည်နယ်၏ မြို့တော် ဖားအံတွင် ပုံမှန်လည်ပတ်သွားလာ၍ရနေပြီဟု စစ်ကောင်စီ ထောက်ခံသူများမှ သတင်းများဖြန့်ဝေနေသော်လည်း ၎င်းတို့လက်အောက်ခံရုံးဝင်း၊ တပ် ဝင်းနေ ရာများတွင် အခိုင်အမာခံစစ်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။
လက်ရှိ ဖားအံမြို့တွင်း ယခင်အခြေအနေကဲ့သို့ သွားလာလှုပ်ရှားမှုပုံမှန်အနေ အထားပြန်ဖြစ် ပြီဟု ပြောဆိုမှုများ ရှိနေနေသော်လည်း စစ်ကောင်စီရုံးများနေရာနှင့် ရုံးလမ်းမနေရာများတွင် စစ်တပ်ခံ စစ်ကတုတ်များ၊ ဘန်ကာကွန်ကရစ်အဆောက်အဦးများ၊ ဆက်သွယ်ရေးမြောင်းများ အခိုင်အမာဆောက်လုပ်နေကြောင်း၊ အချို့ရုံးနေရာများတွင် စစ်တပ်၊ ရဲ နှင့် စစ်မှုထမ်း ဟောင်းများအား လုံခြုံရေးချထားမှုရှိကြောင်း ဖားအံမြို့ခံများက ပြောသည်
“ဖားအံက စစ်သားအဝိုင်းရုံးကုန်းလမ်းမှာ ခြင်းလုံးရုံဘက်မှာ ကွန်ကရစ်ဘန်ကာ ဆောက် နေတယ်။ နောက်တခြား ပညာရေးမှူးရုံးတို့၊ ထွေအုပ်ရုံးကြီးတို့၊ တရားရုံးတို့ သူတို့ စကစ နေရာ တွေမှာ စစ်ကတုတ်ကျင်းတွေ၊ မြောင်းတွေတူးနေတယ်။ သီရိကွင်းလမ်းက အမြဲတမ်း သူတို့ စောင့်ကြည့်တဲ့သူတွေ လွှတ်ထားတယ်။ တပ်မ ၂၂ နဲ့ထောက်ပို့တပ်ဝင်းတွေဘက်မှာ လည်း ကွန်ကရစ်ဘန်ကာအသစ်တွေ ဆောက်နေတယ်”ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် မြို့တွင်းနေရာများဘက်တွင်လည်း မြို့ခံများ အသွားအလာမှုနည်းပါးပြီး စစ်တပ် ထောက်ခံသူများနှင့် လက်နက်ကိုင်အဖွဲ့ထဲဝင်ပြီး စီးပွားရေးလုပ်ကိုင်သူများသာ သွားလာ လှုပ်ရှားမှု ပိုတွေ့မြင်ရသည်ဟု အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းက “မြို့ခံများ ကတော့ အသွားအလာ နည်းတယ်၊ စစ်တပ် ထောက်ခံတဲ့ အုပ်စုတွေ၊ လက်နက်ကိုင်အဖွဲ့ဝင်ပြီး စီးပွားရေးလုပ်ကိုင်သူတွေ၊ ပြည်သူ့စစ်တို့ ရဲသတင်းပေးတို့၊ စစ်မှုထမ်း ဟောင်းတို့ကတော့ ဧည့်စာရင်းစစ်တာ၊ ဆိုင်တွေ ထိုင်ပြီးစောင့်ကြည့် သတင်းပေးတာ မျိုး၊ ကားမောင်း၊ ဆိုင်ကယ်တက်စီမောင်းရင်း လူစိမ်းအဝင်အထွက် အသွားအလာကို သတင်းပေး တာမျိုးနဲ့ သွားလာနေကြတယ်။ ရပ်ကွက်ရုံးတွေမှာတော့ သူတို့လူအုပ်တွေ အမြဲတမ်းစည်ကားနေတယ်”ဟု ပြောသည်။
လက်ရှိ ဖားအံမြို့တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး လတ်တလောဖြစ်ပေါ်နေသည့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်-BGF တပ်များသီးခြားခွဲထွက်ရပ်တည်မည့်သတင်းကြောင့် ဖားအံဒေသအတွင်း နေထိုင်သည့် BGF တပ်ဖွဲ့ များအနေဖြင့် ၎င်းတို့ နေထိုင်ရာ နေအိမ်များ၊ စခန်းချလုံခြုံရေးဆောင်ရွက်သည့် ငွေတောင်းဂိတ်နေရာများတွင် ပုံမှန် ဆက်လက် နေထိုင်နေမှု များဆက်ရှိနေကြောင်း ဖားအံဒေသခံများ ပြောစကားအရ သိရသည်။



















