Home သတင်း ဆီဆိုင်မြို့နယ်တွင် လေကြောင်းဗုံးကြဲမှုများ ဆက်ဖြစ်နေ၍ ဒေသခံများ မြို့ကိုစွန့်ခွာထွက်ပြေး

ဆီဆိုင်မြို့နယ်တွင် လေကြောင်းဗုံးကြဲမှုများ ဆက်ဖြစ်နေ၍ ဒေသခံများ မြို့ကိုစွန့်ခွာထွက်ပြေး

1160
Photo: CJ

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ထိန်းချုပ်နယ်မြေ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ဇန်နဝါရီလ ၂၅ရက်ယနေ့၊ နေ့လည်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေသဖြင့် မြို့နေဒေသခံများ နေရပ်စွန့်ခွာရှောင်တိမ်းနေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းက ဆီဆိုင်မြို့တောင်ဘက်ရှိ PNLO ရုံးအခြေစိုက်ရာ နောင် ထော်ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးနှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့သလို ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဒုတိယအကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ခရစ်ယာန်ဘုရားကျောင်းနှင့် မြို့ပေါ်ရပ်ကွက်ရှိလူနေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့နံနက်ပိုင်း တတိယအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမဖြစ်ပွားခင်တွင်လည်း မြို့တွင်းနေ ရဲနှင့်တပ်ပိုင်းဆိုင်ရာ မိသားစုဝင်များအပါအဝင် အရပ်သားပြည်သူများအား မြို့မှထွက်ခွာခွင့် ပစ္စည်းသယ်ယူခွင့်ပေးထားသဖြင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက် ၉ နာရီနောက်ပိုင်းကစပြီး လေယာဥ်လာကြဲတုန်းပဲ။ အဲ့မတိုင်ခင်တော့ ဆီဆိုင်က ပြည်သူတွေကို ပစ္စည်းသယ်ယူခွင့် မြို့ကနေ ထွက်ခွာခွင့်ပေးထားတယ်။ တချို့ ကိုယ့်အိမ်ကို မစွန့်ခွာနိုင် တဲ့သူအနည်းအကျဥ်းလောက်တော့ ကျန်နေခဲ့မှာပေါ့။ တော်တော်များများကတော့ ထွက်ကုန်ကြပါပြီ။ မနေ့ကလည်း လေယာဥ်မလာခင်အချိန်ကတည်းက တပ်မိသားစုတွေ၊ ရဲမိသားစုတွေကို အကုန်ကြို ရွှေ့ထားတယ်လို့ ကြားရတယ်။ လူတွေကတော့ မြို့ကိုခွာပြီး အနောက်ဘက် ရှမ်းတောင်နဲ့ မြောက်ဘက်က တပ်ကိုကျော်ပြီးမှ တောင်ကြီးတို့ဘာတို့ ဘက်ကိုပြေးကြတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံများ၏ ထိခိုက်မှုအသေးစိတ်အား မသိရှိရသေးသော်လည်း မြို့အတွင်း နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားနေသည့်အခြေအနေတွင် နေရပ်စွန့်ခွာရှောင်တိမ်းရသော ဒေသခံများအတွက် သယ်ယူပို့ဆောင်ရေးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

မြို့မှစွန့်ခွာလာသူများအတွက် ယာဥ်ပိုင်းဆိုင်ရာအကူအညီပေးနေသူတစ်ဦးက “ကားတွေအဆင် မပြေတော့ ကျနော့်ဆီဖုန်းလှမ်းဆက်လာတာရှိတယ်။ ဆက်လာတဲ့သူတွေ တော်တော်များများကတော့ ဆီဆိုင်မြို့ထဲမှာမရှိတော့ဘူးနဲ့တူတယ်။ ဆီဆိုင်မြို့ဝန်းကျင် အခြားနေရာတွေက ဆက်လာတာများတယ်။ လိုင်းတွေလည်း မမိဘူး။ တချို့ကျတော့ ကြိုတင်ထွက်ထားပြီးသား ကားဆီဖိုးရော၊ ကားရောအဆင်မပြေလို့ အကူအညီတောင်းလာ တာတွေရှိတယ်။ ကျနော်တို့လည်းနိုင်သလောက်ကူနေပါတယ်။” ဟု ၎င်းက ပြောသည်။

Photo: CJ

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့က ဟိုပုန်းမြို့နယ် စံဖူးကျေးရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ /ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLO/PNLA တို့ တိုက်ပွဲဖြစ်ပွားစဥ် PNLO/PNLA သယ်ဆောင်လာသည့် လက်နက်ခဲယမ်း(၅၀၀)ကျော် မီးလောင်ပျက်စီးခဲ့ရပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ပြန်ကြားရေးဘက်ကမှု PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ၏ ယာဥ်ပေါ်ပါ လက်နက် များအား စစ်ဆေးစဥ် PNLO ဘက်က သေနတ်ပစ်ဖောက်ခဲ့သဖြင့် ပစ်ခတ်မှုဖြစ်ပွားရခြင်းဖြစ်ပြီး ၎င်းတို့ယာဥ်တန်းအား ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထို့အတူ ဆီဆိုင်မြို့နယ်အတွင်းရှိ ပစ်ခတ်မှုများတွင် PNLO အဖွဲ့နှင့် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်ဘက်မှ တက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး စုစုပေါင်း စခန်းနှစ်ခုအား မီးရှို့ဖျက်ဆီးခဲ့ပြီးကြောင်း ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက PNLO နဲ့ PDF ပူးပေါင်းအဖွဲ့က လွိုင်ကော်ဘက်ကနေ တက်လာတာ။ မြို့ထဲမှာလည်း ဒီမနက် အထိ သေနတ်သံတွေကြားနေရတယ်။ မြို့အထွက်မှာ ဂိတ်တစ်ခုရှိတယ်၊ နောင်ထော်ကို လေယာဥ်လာ ကြဲကတည်းက အဲဒီမှာလူမရှိတော့ဘူး။ ရှောင်ထွက်သွားကြပြီ။ အဲဒီဂိတ်ကိုလည်း PNLO ဘက်က မီးရှို့ ပစ်လိုက်တယ်။ မြောက်ဘက်ကိုဆက်သွားရင် ရဲရောစစ်ရော စောင့်တဲ့တပ်စခန်းတစ်ခုရှိတယ်။ အဲဒီစခန်းက လူတွေလည်း စခန်းကခွာသွားပြီ။ အဲဒီစခန်းကိုလည်း PNLO နဲ့ PDF ပူးပေါင်းအဖွဲ့က မီးရှို့လိုက်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မြို့အတွင်းတိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ PNLO/PNLA တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနက ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။

PNLO/PNLA သည် စစ်ကောင်စီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လတ်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနက် အဖွဲ့တစ်ဖွဲ့ ဖြစ်သလို လက်ရှိအချိန်ထိ စစ်ကောင်စီဘက်က ဖိတ်ခေါ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်လျက်သည်။