ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ကစယ် ဒိုမြို့နယ်၊ ဘန်းချောင်းဒေသရှိ စစ်ကောင်စီကျောက်ထု(ထူးလယ့်)စခန်းကို ဇန်နဝါရီလ ၂၄ ရက် ယမန် နေ့က ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တက် ရောက်တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံးခဲ့သည်ဟု KNLA က ပြောသည်။
KNLA တပ်မဟာ(၄)၊ KNU တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်း တပ်တို့ တက်ရောက်တိုက်ခိုက်သိမ်းပိုက်သည့် အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံး၊ (၃)ဦး အရှင်ဖမ်းမိထားပြီး (၃၀)ဦးကျော် ထွက်ပြေးသွားကြောင်း KNLAဘက်က ပြောသည်။
KNLA တပ်မဟာ(၄) တာဝန်ရှိသူတစ်ဦးက “ မနေ့က နေလယ်လောက်မှာ စခန်းတက်သိမ်းတာ ညနေ စောင်း ၂ နာရီလောက်မှာ ပြီးတယ်။ အဲမှာက စစ်တပ်ဘက်က (၃)ယောက် အရှင်ဖမ်းတယ် ။ (၆) ယောက်သေတယ်။ ကျန်တာတွေက ထွက်ပြေးတော့ လက်နက်အများအပြား ကျနော်တို့ဘက်က သိမ်းဆည်းထားတယ်။ အတိအကျတော့ ပြောလို့မရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ ကျောက်ထုစခန်းသည် ကျောက်ထု(ထူးလယ့်)ကျေးရွာတွင် တည်ရှိပြီး (၁၉၉၈) ခုနှစ် က တည်းက လာရောက်အခြေချနေရာယူသည့် စခန်းတစ်ခုဖြစ်သည်။ စခန်းတက်ရောက်တိုက်ခိုက်သိမ်းယူ သည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် (၅၀)ကျော်ရှိနေကြောင်း နယ်မြေခံ KNLA ထံမှ သိရသည်။



















