ဇန်နဝါရီလ ၂၅ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်ရှိ ကျေးရွာများ အတွင်းသို့ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံ အရပ်သား (၁) ဦးသေဆုံး ပြီး (၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ−၂၆၄) မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာ ၆ ရွာနှင့် ပြည်သူလုပ်ကိုင်စားသောက်လျက်ရှိသည့် လုပ်ငန်းခွင်အတွင်းသို့ လက်နက်ကြီးကျည် ၁၂ လုံးပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် လူနေအိမ် (၄) လုံးနှင့် အိမ်မွေးတိရစ္ဆာန်များလည်း ထိခိုက်သေဆုံးခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် သူးကဘီး (ကျွဲတလင်း)၊ ကျောင်းကုန်း၊ ပေါက်ကုန်း၊ သမင် အင်းကုန်း၊ အင်းနက် နှင့် ကျို့ကုန်း စသည့်ကျေးရွာများထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ ကညင်ကျိုး ကျေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးမြင့်လှိုင် ထိမှန်သေဆုံးပြီး ဦးကုလား၊ ဦးစိန်ဌေး၊ မောင်နေဇော်လင်း၊ ဦးကျော်ဝင်း၊ မမေသက်နိုင်၊ ဒေါ်ကြင်နု နှင့် စောအယ်ထူးစေး တို့ကို လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီ၏ တပ်စခန်းကုန်းမှ လယ်ဒို(ကျောက်ကြီး) မြို့နယ်ရှိ ကျေးရွာများထဲသို့ (၁၂၀ မမ) လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ (၆)ဦး သေဆုံးခဲ့ရသည့်အပြင် ဒေသခံပြည်သူအများအပြားလည်း ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လတ်တလော လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသည့်အပြင် စစ်ကောင်စီ ဘက်မှ မကြာခဏ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းမှဗုံးကြဲခြင်းတို့ကြောင့် ဒေသခံပြည် သူများအနေဖြင့် နေအိမ်သို့ မပြန်ရဲကြသေးဘဲ စားဝတ်နေရေးခက်ခဲမှုများရှိနေကြောင်းလည်း အမည်မဖော်လိုသူ ကျောက်ကြီး ဒေသခံ စစ်ရှောင်တစ်ဦးက ပြောသည်။
၎င်းက “ဒီဘက်မှာက ဖုန်းလိုင်းတွေလည်းပြတ်လိုက် ရလိုက်ပဲဖြစ်နေတယ်။ စစ်တပ်စခန်းတွေက လက်နက်ကြီး ခဏခဏပဲပစ်နေတာဆိုတော့ ကျနော်တို့လည်းဘယ်တော့မှ အိမ်ပြန်ရမလဲမသိတော့ဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတောင် အိမ်နားက လယ်ကွင်းထဲကို လက်နက်ကြီးကျသေးတယ်။ လက်နက်ကြီးက အမြဲပစ်နေတော့ ပြန်လို့လည်းမရဲဘူး။ သူတို့က တိုက်ပွဲဖြစ်လည်းပစ်တယ် မဖြစ်လည်းပစ်တယ်ဆိုတော့ စိတ်ညစ်တယ်။ အလုပ်လည်းလုပ်မရ တစ်ရက်တာ စားဖို့အတွက်လည်း အဆင်မပြေ” ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကြောင့် ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန-KECD စီမံခန့်ခွဲမှုအောက်မှ စာသင်ကျောင်းအများစုသည် ယာယီပိတ်ထား ရလျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။



















