ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာတွင် ယနေ့နံနက် ၁၁နာရီ အချိန် က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
ဇီးဝင်းကျေးရွာအဝင် လမ်းမကြီးအနီးရှိ စစ်ကောင်စီ အမြှောက်တပ် (၃၁၄)မှ ယနေ့ နံနက်ပိုင်းက လက်နက်ကြီး ၇ လုံးထက်မနည်း အကြောင်းမဲ့ ပစ်ခတ်ရာတွင် တက်တူ ကုန်းကျေးရွာထဲသို့ ၂ လုံးကျရောက်ပေါက်ကွဲသောကြောင့် ယခုလို အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အမြှောက်တပ် ၃၁၄ ကနေပစ်တာ ရွာထဲမှာ နှစ်လုံးကျတော့ အမျိုးသမီး ၃ ဦးသေတယ်။ ဒဏ်ရာရတဲ့(၁၀)ဦးထဲမှာ (၅)ဦးက ဒဏ်ရာပြင်းထန်နေတယ်။ အဲ့အထဲမှာ ၂နှစ်အရွယ်ကလေးငယ် တစ်ဦး လည်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကျည်ထိမှန်သေဆုံးသူများမှာ အသက်(၄၉)နှစ်အရွယ် နော်မူး၊ အသက် ၂၂ အရွယ် နေမူး၏သမီး နော်စန္ဒာနှင့် နော်ကော်လာမုတို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးအနက် (၅)ဦးမှာ ဒဏ်ရာပြင်းထန်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ကေအဲန်ယူ-ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်တို့တွင် စစ်ကောင် စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။




















