ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နှင့် (၇)မိုင်အကွာ ရန်ကုန်-ထားဝယ် ကားလမ်းမကြီးပေါ်ရှိ ထားဝယ် နည်းပညာတက္ကသိုလ်အနီး ကျေးရွာတဝိုက်တွင် ဇန်နဝါရီလ ၁၈ ရက် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကလေးငယ်အပါအဝင် အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရှိရသည်။
ထားဝယ်နည်းပညာ တက္ကသိုလ်အနီးရှိ မောင်းမယ်ရှောင်ကျေးရွာအရှေ့ပိုင်းနှင့် အလယ်ပိုင်း ရွာအထွက် ကျေးရွာတဝိုက်တွင် ဇန်နဝါရီလ ၁၈ ရက် ယမန်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ကျေးရွာရှိ ကလေးအပါအဝင် ဒေသခံ တစ်ရာကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မနေ့က တိုက်ပွဲတွေဖြစ်ပြီးတော့ ရွာမှာရှိတဲ့ သူတွေအကုန် ကလေးကအစ ဖမ်းခံထိသွားတယ်။ နှစ်နာရီ လောက်ကြာတယ်။ ဖမ်းထားပြီးတော့ နေ့လည် ၁၂နာရီခွဲလောက်မှာ ပြန်လွှတ်ပေးတယ်။ ဘာတွေ ထိခိုက်သွားလည်းတော့ အခုထိ မသိရသေးဘူး။”ဟု မောင်းမယ်ရှောင် ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် အင်အား (၁၀၀) ဝန်းကျင်ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်အစီး ၅၀ ဝန်းကျင်ခန့်ဖြင့် ကျေးရွာရှိ ဒေသခံပြည်သူများ၏ ဖုန်းများကို ထုတ်ယူစစ်ဆေးမှုများ တင်းတင်း ကြပ်ကြပ် ပြုလုပ်နေသလို မောင်မယ်ရှောင်ရွာ အနီးတဝိုက်တွင်လည်း တပ်ဖြန့်ကာ သွားလာနေ သောကြောင့် ဒေသခံများအနေဖြင့် သွားလာရေး ခက်ခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။
၎င်းဒေသခံက “မနေ့က တိုက်ပွဲဖြစ်ပြီးတော့ စစ်သားတွေက ဆိုင်ကယ်တွေနဲ့ ရွာထဲမှာရော လမ်းမှာ တွေ့တဲ့ သူတွေရဲ့ ဖုန်းတွေကို အကုန်လိုက်သိမ်းတယ်။ အရင်ကလို သွားရလာရ တာမလွတ် လပ်တော့ဘူးပေါ့။ ပြီးရင် ညမထွက်ရအမိန့်မရှိဘူး။ ဒါပေမဲ့ သူတို့လာရင် ညဘက်အပြင် ထွက်ရင် မီးလင်းတာမြင်တာနဲ့ ရမ်းပစ်တာ တွေလုပ်တယ်။ တိုက်ပွဲကလည်း ဖြစ်နေတော့ အခက်အခဲတွေမျိုးစုံဘဲ။”ဟု ကေအိုင်စီသို့ပြောသည်။
အလားတူ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ယခုလ ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား နှစ်ဖက် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် ခရီးသွားပြည်သူများအနေဖြင့် သတိထားသွား လာကြရန် PDF မြိတ်ခရိုင်တပ်ရင်း(၂)မှ အသိပေးထုတ်ပြန်ထားသည်။



















