Home သတင်း KNLA ပူးပေါင်းတပ်၏ တင့်ကားဖျက်မိုင်းကြောင့် နတ်သံကွင်းသို့ စစ်ကူလာသည့် စစ်တပ်သုံးယာဥ်(၃)စီး ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်

KNLA ပူးပေါင်းတပ်၏ တင့်ကားဖျက်မိုင်းကြောင့် နတ်သံကွင်းသို့ စစ်ကူလာသည့် စစ်တပ်သုံးယာဥ်(၃)စီး ပျက်စီးခဲ့ကြောင်း KNU ထုတ်ပြန်

802
Photo: KNU

ဇန်နဝါရီလ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ နတ်သံကွင်းမြို့သို့ ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက စစ်ကူလာသော စစ်ကောင်စီ၏ တင့်ကား(၂)စီးနှင့် သံချပ်ကာ ကား(၁)စီးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တပ်ဆင်ထားသော တင့်ကားဖျက်မိုင်း(၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး ပျက်စီးသွားကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလကုန်ပိုင်းမှစ၍ ဖြစ်ပွားခဲ့သော နတ်သံကွင်းမြို့တိုက်ပွဲတွင် မြို့မရဲစခန်းအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်များအတွက် နတ်သံကွင်းမြို့မှ ပဲနွယ်ကုန်းမြို့လမ်းအတိုင်း စစ်ကူလာသော စစ်ကောင်စီ ယာဥ်တန်းအား KNLA ပူးပေါင်းတပ်များက ကြိုတင်တပ်ဆင်ထားသော တင့်ဖျက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ပက်လက်လန်ပျက်စီးသွားသော တင့်ကား(၁)စီးနှင့် ယာဥ်အရှေ့ ပိုင်းတစ်ခုလုံးပျက်စီးသွားသော သံချပ်ကား(၁)စီးအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကရိန်းကားဖြင့် ပဲနွယ်ကုန်းမြို့အတွင်းသို့ ဆွဲယူသွားသလို ညောင်ဝိုင်း ကျေးရွာအနီးတွင်လည်း ပျက်စီးနေသော တင့်ကားတစ်စီးအား တွေ့ရှိရသည်ဟု KNU က ပုံနှင့်တကွ ထုတ်ပြန် ဖော်ပြထားသည်။

Photo: KNU

အဆိုပါယာဥ်များပျက်စီးမှုအပြင် ယာဥ်ဖြင့်လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသော်လည်း အရေအတွက်အတိအကျကိုမူ ဖော်ပြထားခြင်းမရှိပါ။

သို့သော် ယာဥ်တန်းပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၀)ဦးထက်မနည်း ထိခိုက်သေဆုံး မှုရှိနိုင်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်ဇန်နဝါရီလ(၁၅)ရက်နေ့မှစ၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာသော ဒရုန်းမြင်ကွင်းဖြင့်ရိုက်ကူးထားသည့် ပေါက်ကွဲမှုနောက်ဆက်တွဲ ဓာတ်ပုံမှတ်တမ်းများအရ သိရသည်။

နတ်သံကွင်းမြို့အတွင်း လက်ရှိအချိန်ထိ ပစ်ခတ်မှုများရှိနေသေးသည်ဟု ဒေသခံများ၏ပြောစကားအရ သိရှိရသော်လည်း မြို့မရဲစခန်းအား KNLA ပူးပေါင်းတပ်မှ သိမ်းယူနိုင်ခြင်းရှိမရှိကိုမူ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။