Home သတင်း ယာဉ်သွားလာမှုများ၍ ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းပျက်စီးပြီး ဒေသခံများ သွားလာရေးနှင့် ကျန်းမာရေး ထိခိုက်

ယာဉ်သွားလာမှုများ၍ ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းပျက်စီးပြီး ဒေသခံများ သွားလာရေးနှင့် ကျန်းမာရေး ထိခိုက်

995
Photo: CJ

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းသွားလာမှုပြတ်တောက်သည့်အတွက် ကုန်ကားများနှင့် ခရီး သည်တင်ကားများသည် ထို့ကော်ကိုး-နဘူး တောင်တက်လမ်းကို ပြောင်းလဲအသုံးပြုမှုများပြားလာသော ကြောင့် လမ်းများပျက်စီးလာ၍ သွားလာရေးနှင့် ကျန်းမာရေးအတွက် ထိခိုက်လာနေကြောင်း ဒေသခံ များက ပြောသည်။

၎င်းလမ်းတွင် ကားသေးများသာမက ကုန်ကားများပါသွားလာမှုများပြားနေ၍ မြေသားလမ်းများပျက်စီးပြီး ဖုန်မှုန့်များစွာ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ ကျေးရွာသားများအနေဖြင့် အနီးအနား စျေးဝယ်သွား လာရေး နှင့် ကျန်းမာရေးအတွက် သွားလာရေး အခက်အခဲဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“အခုက လမ်းမှာ မြေကြီး(ဖုန်မှုန့်)က တစ်ထွာနှစ်ထွာလောက်ရှိတယ်။ ဆိုင်ကယ်လုံးဝမောင်းလို့မရဘူး။ ဆိုင်ကယ်မောင်းရင်လူးနေတာ။ ကားရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့။ ခြေထောက်နဲ့သွားလို့လည်း မလွယ်ဘူး။ ကားတွေမောင်းတာဖုန်တွေနဲ့။ အခုလမ်းနဲ့ နည်းနည်းနီးတဲ့အိမ်တွေဆိုရင် ဖုန်သက်သက်ပဲ။ လုံးဝ သွားလာရေးအတွက် အဆင်မပြေဘူး။ ဖုန်မှုန့်တွေကြောင့် နေထိုင်ရတာလည်း အဆင်မပြေဘူး”ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းလမ်းမတစ်လျှောက်ရှိ ကျေးရွာများဖြစ်သော ထို့ကော်ကိုးရွာ၊ လို့ဘောရွာ၊ ဖားကလူးနှင့် ကျော်ခို့ စသော ကျေးရွာများရှိ ဒေသခံများအနေဖြင့် သွားလာရေး အခက်အခဲအပြင် နေအိမ်ပေါ်ဖုန်မုန့်များစွာကျရောက် သည့် လမ်းပျက်စီးမှုဒဏ်ကိုပါ ရင်ဆိုင်ခံစားနေကြရကြောင်း ဒေသခံများက ဆိုသည်။

ထို့ကော်ကိုးလမ်းသည် ကြမ်းတမ်းပြီး လမ်းကျဥ်းသည့်အတွက် မော်တော်ယာဥ် တိမ်းမှောက်မှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိသည့်အပေါ် သွားလာရေးအတွက်လည်း အသက်အန္တရာယ်ရှိကြောင်း ဒေသခံများက ပြောသည်။

Photo: CJ

ကျော်ခို့ရွာ ဒေသခံတစ်ဦးက”အခုရွာကအိမ်တွေဆို ဖုန်မှုန့်တွေကများ ကားတွေက ရမ်းမောင်းနဲ့ လမ်းမ ဘေးက အိမ်‌တွေဆိုဖုန်တွေနဲ့ လုံးနေတာ။ ရှင်းလို့တောင်မနိုင်တော့ဘူး။ ရွာကလူတွေ ရောဂါတွေ ဖြစ်မှာကိုပဲ စိုးရိမ်နေရတယ်။ လူကြီးတွေဆို ပြောတယ် အသက်ရှူလို့ တောင်မဝဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။

ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသဖြင့် ယခင်နှစ် ဒီဇင်ဘာလဆန်းပိုင်း မှစ၍ ကော့ကရိတ်-မြဝတီအာရှကုန်သွယ်ရေးလမ်း ပြတ်တောက်သွားပြီး ထို့ကော်ကိုး-နဘူးလမ်းဘက်ကို ပြောင်းလဲ အသုံးပြုသွားလာကြခြင်းဖြစ်သည်။

ထို့အပြင် ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းရှိ လမ်းနှင့် တံတားများရေရှည်အသုံးပြုနိုင်ရေးအတွက် ၁၀ ဘီးနှင့် ၁၂ဘီးကားကြီးများကို သွားလာခွင့်မပေးတော့သလို ကားသေးမှစ၍ (၆) ဘီးကားအထိသာ ကုန်ပစ္စည်းသယ် ဆောင်သွားလာခွင့်ပေးကြောင်းလည်း သိရသည်။

ယခုလို သွားလာရေးခရီးလမ်းကြောင်း ကြမ်းတမ်းသလို လမ်းတစ်လျှောက် တပ်စွဲထားသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း လမ်းကြေးအဆမတန် ကောက်ခံမှုများရှိနေသောကြောင့် ကားခစျေးနှုန်းများလည်း အဆမတန် မြင့်တက်သွားကြောင်း ခရီးသွားလာသူများထံမှ သိရသည်။