ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ယနေ့အချိန်ထိ ဒေသခံများ၏ အိမ်မွေးကြက်များ ဆက်တိုက်သေဆုံးမှုဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းမြို့နယ်ရှိ ဒေသခံများသည် မိသားစုများ၏ အပိုဝင်ငွေအတွက် နေအိမ်များတွင် ကြက်များနှင့် အိမ်မွေးတိရစ္ဆာန်များကို မွေးမြူကြပြီး ယခုလို လပေါင်းများစွာ ဆက်တိုက်ရောဂါကျသေဆုံးမှုများ ဖြစ်ပေါ်နေသောကြောင့် အိမ်ကြက်စျေးများကျဆင်းနေသလို ဝယ်ယူသူများလည်း ရှားလာသောကြောင့် မိသားစုအပိုဝင်ငွေအတွက် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ရေပူကျေးရွာဒေသခံတစ်ဦးက “ရောဂါစဖြစ်ပြီးသေတာက မိုးတွင်းကာလထဲက အခုချိန်ထိ မရပ် သေးဘူး။ ပြီးခဲ့တဲ့နှစ်တွေက အနာဖြစ်တယ်ဆိုရင် သိတယ်။ အခုနှစ်ကတော့ ဒီတိုင်းပဲ သေနေတာ။ အဲလိုသေနေတော့ အခုဒီ ရွာတွေမှာ အိမ်ကြက်စျေးနဲ့ မွေးမြူးရေးကြက်စျေးက အတူတူ လောက်ဖြစ်နေတယ်။ တစ်ပိဿာကို (၁၁,၀၀၀) ၊ (၁၂,၀၀၀) လောက်ပဲရှိတော့တယ်။ အိမ်ကြက် ဝယ်စားတဲ့သူတောင် နည်းလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မိမိတို့နေအိမ်တွင် တစ်ပိုင်တစ်နိုင် မွေးမြူထားသည့်ကြက်များ ဆက်တိုက်သေဆုံးမှုများ ဖြစ်ပွား နေသောကြောင့် ဒေသခံများအနေဖြင့် ယခုလက်ရှိ ရင်ဆိုင်နေရသည့် ငွေကြေးဖောင်းပွမှုများနှင့် ကုန်စျေးနှုန်းမြင့်တက်သည့် ကာလတွင် မိသားစုအသုံးစရိတ်နှင့် စားစရိတ်များအတွက် ထိခိုက်ဆုံးရှုံး နေသည်ဟု ဒေသခံများက ဆိုသည်။
ယခုလို သေဆုံးမှုဖြစ်ပေါ်နေသည့် ရောဂါကျသောကြက်များတွင် ရောဂါ လက္ခဏာများကို တိတိကျကျ ပြသ လေ့မရှိဘဲ ရုတ်တရက် သေကြခြင်းဖြစ်ကြောင်း တာကရားကျေးရွာ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အခုက ဘာမှမလုပ်ရပဲသေသွားတာ။ နာနေတဲ့လက္ခဏာပြရင်လည်းမသေခင် စားလို့ရသေးတယ်။ အခုက သေပြီးသားဟာဆို ဘယ်သူမှမစားရဲဘူး၊ အကုန်လွှင့်ပစ်ရတာ။ လွှင့်ပစ်ရင်လည်း သေသေချာချာ လွင့်ပစ်ရ တယ်။ ရောဂါတွေဆက်ကူးမှာစိုးလို့ တချို့စည်းကမ်းမရှိတဲ့ လူတွေ ဟိုပစ်ဒီပစ်ထားတော့ တခြားကြက်တွေပါ အခုလို ရောဂါဆက်ပွားဖြစ်လာတာ” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထိုမြို့နယ်အတွင်းရှိ တာကရားကျေးရွာအုပ်စု၊ လှကမန်းကျေးနယ်အုပ်စု၊ ပတကျေးနယ် အုပ်စုများတွင် ကြက်များသေဆုံးမှု အများဆုံးဖြစ်ပွားနေပြီး တစ်လလျှင် အိမ်မွေးကြက်အနည်းဆုံး ဆယ်ကောင် (၁၀) ဆယ့်ငါးကောင် (၁၅) အထိသေဆုံးနေတယ်ဟု ဒေသခံများအထံမှ သိရသည်။
တာကရားကျေးရွာတာဝန်ရှိသူတစ်ဦးကလည်း”မနှစ်က ကြက်နာရောဂါဖြစ်တော့ ကျနော်ရွာမှာတော့ ကန်စွန်းရွက်ပြုတ်ရည်တို ဘာမီတွန်တိုဆေးထောင်းပြီးတိုက်ပေးတယ်၊ ဒီနှစ်တော့ အဲလိုမျိုးလုပ်ဖို့ကို ဘယ်ကြက်ကို လိုက်လုပ်ရမှန်းမသိဘူး၊ ဒီလိုပဲ စောင့်ကြည့်နေရတယ်၊ သေတဲ့ကြက်ကိုတော့ မြေကြီးမှာပဲ မြှုပ်ခိုင်းတယ်၊ မပစ်ခိုင်းဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
အိမ်မွေးကြက်များအနေဖြင့် မိုးရာသီ၏ မိုးများသည့်ကာလနှင့် ရာသီအကူးအပြောင်း ကာလများတွင် အနာရောဂါ ဖြစ်ပွားပြီး သေဆုံးလေ့ရှိသော်လည်း ယခုလို ကာလရှည်ကြာ ဆက်တိုက် သေဆုံးမှုမျိုး မကြုံတွေ့ဖူးဘဲ သတိမပြုလျှင် ကြက်များအများအပြားထပ်မံသေဆုံးနိုင်မှုဖြစ်ပွားနိုင်ကြောင်း ပိုင်ကျုံမြို့နယ်ရှိ တိရစ္ဆာန် ကုသရေး ဆရာဝန်တစ်ဦးက အကြံပြုပြောဆိုခဲ့သည်။
အလားတူ ပိုင်ကျုံမြို့နယ်ရှိ ကျေးရွာအချို့တွင် ဒေသခံများ၏ မွေးမြူထားသော ဆိတ်များလည်း ယခု ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ဆိတ်များချောင်းဆိုးနှာချေပြီး သေဆုံးမှုများ ဖြစ်ပွားနေကြောင်း ဆိတ်မွေးမြူးကြသည့် ဒေသခံများက ပြောသည်။



















