Home သတင်း တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေတိုးလာ၍ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေတိုးလာ၍ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

784
Photo: ဒေါနတနင်္သာရီ စစ်ရှောင်ကူညီရေးအဖွဲ့

ဇန်နဝါရီလ ၁၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း ယခုလအတွင်း စစ်ရှောင်ဦးရေ ထပ်တိုးလာပြီး ၎င်းစစ်ဘေး ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီပေးသည့်အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်မှစ၍ တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၅၆၁) ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ရေဖြူ၊ ကမ္မလိုင်း၊ တားပလပ်၊ ဘန်းလမွတ် နှင့် သမုတ်ချောင်း စသည့် ကျေးရွာများမှ ထပ်မံစစ်ဘေးရှောင်နေရသော ထောင်နှင့်ချီသော ဒေသခံများသည် လက်ရှိတွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “လက်တလောမှာတော့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေ ပိုလိုအပ်လာတယ်။ လှူတဲ့သူတွေ ကလည်းနည်းလာတယ်။ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ် စစ်ရှောင်လာရတာ တွေရှိတဲ့ အတွက် နေရာထိုင်ခင်း ပြဿနာတွေ လတ်တလောမှာ ကြုံတွေ့နေရတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ ကျေးရွာများတွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရှိနေသည်ဟုဆိုကာ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာမှုအပြင် ကျေးရွာထဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် ယခင်က ဒေသခံ (၃,၀၀၀) ကျော်ထွက်ပြေးခဲ့ရာမှ ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နောက်ထပ် ဒေသခံ (၃,၀၀၀) ကျော် ထပ်မံထွက်ပြေးစစ်ရှောင်ကြရသည့်အတွက် ယခုလို စားနပ်ရိက္ခာအရေးပေါ် လိုအပ်လာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူက ဆက်ပြောသည်။

လတ်တလောတွင် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၇,၀၀၀) ကျော်ထိရှိနေပြီး စားနပ်ရိက္ခာ အကူအညီအပြင် စစ်ဘေးရှောင်များထဲမှ နာမကျန်းဖြစ်သူများကို နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများဖြင့် ကုသပေးနေရပြီး စစ်ကောင်စီ၏ လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ဆေးဝါး မလုံလောက်သည့် အခက်အခဲများလည်းရှိနေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

“ရွာသားတွေက မြို့ထဲလည်း မသွားရဲ ရွာထဲလည်း မပြန်ရဲကြတော့ နေမကောင်းဖြစ်ရင်တောင် ဒီမှာ ရှိတဲ့ ဆရာဝန်တွေနဲ့ ပြရတယ်။ စစ်တပ်က လမ်းကြောင်းတွေကို လုံခြုံရေးတင်းကြပ်ထားတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ထင်သလောက် သယ်မရတဲ့အတွက် ဆေးဝါးမလုံလောက်တဲ့ ပြဿနာတွေ အများကြီးနဲ့ ကြုံတွေ့ရတာပေါ့။”ဟု နောက်ထပ် စစ်ရှောင်ကူညီသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၁၆)ရက်နေ့ကလည်း ညောင်ပင်ကွင်း(အရှေ့ကမ်း) ကျေးရွာအတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးစစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက်(၇၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက်(၄၀)ဝန်းကျင် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်း သတင်း အရင်းမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။