ဇန်နဝါရီလ၂၅ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ချောင်းဝကျေးရွာ ဥယျာဉ်ခြံသို့ စစ်ဘေးတိမ်းရှောင်ရန် လာသည့် ဒေသခံ ရွာသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောသည်။
တနင်္သာရီမြို့နယ်ရှိ စစ်ရေးမတည်ငြိမ်မှုများဖြစ်ပေါ်လျက်ရှိနေသည့် ညောင်ပင်ကွင်း (အနောက်ဘက်ကမ်း)ရွာမှာ ချောင်းဝရွာ ဥယျာဉ်ခြံထဲသို့ စစ်ဘေးလာရောက် တိမ်းရှောင်သည့် ညောင်ပင်ကွင်း ရွာသားနှစ်ဦးကို စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၅၆၁) စစ်ကြောင်းနှင့်တိုး၍ ဇန်နဝါရီလ၂၃ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံလိုက် ရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးကပြောသည်။
၎င်းက “လမ်းမှာ စစ်ကြောင်းနဲ့တိုးပြီး ပစ်ခတ်ခံရတာ။ ညောင်ပင်ကွင်းရွာဘက်မှာက အခုချိန်ထိ စစ်တပ်က အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ပစ်နေတော့ ဘေးလွတ်ရာကို ရှောင်နေကြရတဲ့ သဘော မှာရှိတယ်။ တစ်ယောက်ကတော့ သေတယ်။ အလောင်းကိုအဲ့ဒီစစ်တပ်ကပဲ သယ်သွားတယ်။ နောက်တစ်ယောက်ကျတော့ ခြေဖဝါးမှာ ထိတာ အဲ့ဒီစစ်တပ်ကပဲ ပြန်ဆေးကုပေးတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အသက် (၄၄) နှစ်အရွယ် အမျိုး သားတစ်ဦးကို ယမန်နေ့ ညတွင် မြေမြှုပ်ခဲ့ပြီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့် အသက်(၅၄)နှစ် အရွယ် အမျိုးသားတစ်ဦးမှာတော့ ဆေးကုသမှုခံယူနေရကြောင်း ၎င်းက ဆက်ပြောသည်။
ယခုလို စစ်ကောင်စီ စစ်ကြောင်းများမှ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုအပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ငွေကြေးတတ်နိုင်သူများ အနေဖြင့် မြို့ပေါ် နေရာမျာသို့ စစ်ဘေးတိမ်းရှောင်၍ရသော်လည်း ငွေကြေးမတတ်နိုင်သူများအနေဖြင့် စစ်ဘေးရှောင်ရန် နေရာအခက်အခဲများ ရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အခုဆိုရင် တိုက်ပွဲတွေက ကျေးရွာတွေဘက်မှာ ပိုဖြစ်နေတယ်။ အဲ့တော့ ဒီရွာမှာ စစ်ကြောင်းထိုးရင် အခြားတစ်ရွာကိုပြောင်းရတယ်။ ဒါပေမဲ့ နေရာတိုင်းမှာ စစ်တပ်က ရှိနေတော့ ဘယ်နေရာကို ရှောင်ရမလဲတောင်မသိတော့ဘူး။ ပိုက်ဆံရှိရင်တော့ မြို့ပေါ်နေရာ တွေမှာရှောင်လို့ရတယ်လေ။ တော် တော် ဒုက္ခရောက်ရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။
ညောင်ပင်ကွင်း ကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၁၅)ရက်နေ့မှစတင်ပြီး ညောင်ပင်ကွင်းရွာ (အရှေ့ ကမ်း)၊ ညောင်ပင်ကွင်းရွာ (အနောက်ကမ်း)၊ ကျွဲထိန်းကွင်း နှင့် ထုံတော်ရွာများမှ စစ်ဘေးရှောင်စုစုပေါင်း (၇,၀၀၀)ကျော်ထိရှိနေပြီး စစ်ဘေးရှောင် တချို့ မှာလည်း နီးစပ်ရာမြို့ ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိ နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဖြူးမြို့နယ် ကံပေါက်ဒေသတွင်လည်း ယမန်နေ့ ဇန်နဝါရီလ (၂၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် ဒေသခံအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့သေးသည်ဟု ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။



















