ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်၏ စစ်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်လာရောက်ပူးပေါင်းပါက မူလရာထူးအတိုင်း တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ရမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ မိသားစုများအလိုက်ဖြစ်စေ တပ်ရင်း အလိုက်ဘက်ပြောင်းလာသူများကို တော်လှန်ရေးတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ကြိုဆိုလျက်ရှိပြီး ဘက်ပြောင်း ရေး အစီအမံအတိုင်း အထူးအကျိုးခံစားခွင့်များကို စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း KNDF က ပြောသည်။
၎င်းအပြင် တိုက်ပွဲနယ်မြေများအတွင်းမှာ လက်နက်ချ အညံ့ခံသူများကို စစ်သုံ့ပန်းအဖြစ် နိုင်ငံတကာဥပဒေ များနှင့်အညီ ကောင်းမွန်စွာဖမ်းဆီးထိန်း သိမ်းထားလျက်ရှိသလို နယ်မြေရှိ စစ်ကောင်စီတပ်၏ တပ်ရင်းတချို့မှ ဘက်ပြောင်းရေးနှင့်ပတ်သက်ပြီး ကနဦး ညှိနှိင်းသဘောတူမှုများ ရရှိထားပြီးဖြစ်သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်၏ တပ်မ ၆၆ ၊ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း စစ်ကြောင်း များကို KNDF ပူးပေါင်းတပ်ဖွဲ့က မကြာခဏတိုက်ခိုက်နေလျက်ရှိပြီး (၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်၏ တပ်မများမှ လှုပ်ရှားစစ်ကြောင်း၊ စစ်ကူစစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီ တပ်ဘက်မှ အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူများနှင့် ဖမ်းဆီးခံရသူ ဦးရေရာဂဏန်းနီးပါးရှိခဲ့သည်ဟုလည်း KNDF က ထုတ်ပြန်ထားသည်။
သို့သော် စစ်ကောင်စီအနေဖြင့် ကရင်နီပြည်အတွင်းရှိ အရပ်သားနှင့် အရပ်သားနေအိမ်များကို မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့အိုးအိမ်စည်းစိမ်ကို ခိုးယူမှုနှင့် မီးရှို့ဖျက်ဆီးမှုစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်သူများဖြစ် သောကြောင့် ကရင်နီတော်လှန် ရေးတပ်ဖွဲ့များမှ ကျူးလွန်သူများကို အပြီးသတ် ချေမှုန်းရန် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟုလည်း KNDF က ဆိုထားသည်။
အလားတူ ကရင်နီပြည်နယ်တွင် KNDF အနေဖြင့် မကြာမီတွင် စစ်ကောင်စီ၏ တပ်ရင်းအလိုက် ဘက်ပြောင်း မှုများကို မြို့နယ်တချို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သောကြောင့် ပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်များကိုထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊ မိသားစုအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်း ရန်လည်း KNDF က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၆) နှင့် (ခမရ-၄၂၅) မှ တပ်ဖွဲ့ဝင် ၃၂ ဦး KNDF ထံ လက်နက်ချ အညံ့ခံခဲ့သေးသည်။



















