ဇန်နဝါရီ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံရွာအတွင်း ပြီးခဲ့သည့် ဒီဇင် ဘာလ(၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ် ပွားပြီးနောက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသော အိမ်ခြေ(၄၂)လုံးမှ ဒေသခံမိသားစုများ မှာ လက်ရှိတွင် နေရေးစားရေး အခက်အခဲဖြစ်နေကြောင်း တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်ရက်တွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့သဖြင့် နောက်နေ့ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် အိမ်ခြေ(၄၀၀)ကျော်ရှိသော မရိုးခုံရွာအတွင်း ပြန်လည်ဝင်ရောက်လာသော စစ်ကောင်စီတပ်များက ရွာရှိနေအိမ်များအား ထိုသို့မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသော်လည်း လက်ရှိတွင် အများစုမှာ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၅၀၁)ဘက်က ပြောသည်။
တပ်ရင်း ၃၅၀၁ တပ်ရင်းမှ ရဲဘော်နတ်မောက်က “မီးရှို့ခံလိုက်ရတဲ့နေအိမ်ပိုင်ရှင်တွေ ကတော့ လောလောဆယ် စစ်ရှာင်အနေနဲ့ပဲရှိနေတယ်။ ရွာထဲက သူများအိမ်မှာ ကပ်ပြီးနေသူနေပေါ့။ ကျနော်တို့အဖွဲ့က ကူနိုင်တာစားနပ်ရိက္ခာအပိုင်းလောက်ပဲရှိတာ၊ ပြီးတော့ သူတို့ချည်းသီးသန့်မဟုတ်ဘူး ၊ အခြားစစ်ရှောင်တွေလည်းရှိသေးတော့လေ။” ဟု ၎င်းက ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။
ထိုစစ်ရှောင်များအပြင် မရိုးခုံရွာအနီးရှိ သနပ်ခုံကျေးရွာတွင်လည်း ဒီဇင်ဘာလ(၂၈)ရက်နေ့ နံနက်ပိုင်းက နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး အနီး အနား ကျေးရွာများရှိ စစ်ဘေးတိမ်းရှောင်နေရသော စုစုပေါင်းဒေသခံ ထောင်ချီသည် စားနပ်ရိက္ခာ၊ စောင်နှင့် ဆေးဝါးများ အဓိကလိုအပ်လျက်ရှိကြောင်း သိရသည်။

တပ်ရင်း (၃၅၀၁)၏ တပ်ရင်းမှူး ရဲဘော် နောင်ရိုးကလည်း “ဒီဘက်က ကျနော်တို့ပဲရှိတယ်။ စစ်ရှောင် ရော၊ စစ်ကြောင်းပါ ရုန်းကန်ရတယ်။ စစ်ကြောင်းကိုတော့ သက်ဆိုင်ရာ အဆင့်ဆင့် MOD က အကူအညီရှိပေမယ့် လိုအပ်ချက်တွေရှိနေဆဲပါပဲ။ စစ်ရှောင်ကလည်း တစ်ထောင်ကျော်ရှိတယ်။ အဓိက က ရိက္ခာ၊ ဆေးဝါးနဲ့စောင်တွေလိုတာ၊ ကျနော်တို့ကတော့ ကိုယ်နိုင်သလောက်ကူညီပေးနေတယ်” ဟု ပြောသည်။
ထိုရက်က စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ယမန်နေ့ ဇန်နဝါရီ လ(၂)ရက်နေ့အထိ လုံးရမ်းရွာဘက်သို့ ဆက်လက်ချီတက်သွားသဖြင့် စစ်ရှောင်အချို့မှာ မိမိတို့ နေအိမ်ပြန်နေကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၅၀၁)သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၏ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲလက်အောက်ရှိ တပ်ရင်းတစ်ခုဖြစ်ပြီး ၎င်းလက်အောက်မှ စစ်ကြောင်း၊ တပ်ခွဲများနှင့် စစ်ကောင်စီတို့အကြား ထိတွေ့ တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။



















