ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ အမည်နှင့်စည်းအမှတ်တံဆိပ်ကို တုပအသုံးပြုထားပြီး ခြိမ်းခြောက်ငွေတောင်းခံသည့်လုပ်ရပ်သည် အဖွဲ့အစည်း၏ ပုံရိပ်ပျက်ပြားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု KNU က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၃၁)ရက်နေ့ ရက်စွဲဖြင့် မြဝတီမြို့ရှိ ရတနာအောင် အိမ်ဆောက်ပစ္စည်းအရောင်း ဆိုင်သို့ KNU/KNLA ၏ အမည်နှင့်စည်းအမှတ်တံဆိပ်ကို တုပအသုံးပြုထားသော ခြိမ်းခြောက် ငွေတောင်းခံစာ ပေးပို့လာသည့်အပေါ် KNU က ယနေ့ ကြေညာချက်ထုတ်ကာ ပြောဆို လိုက်ခြင်းဖြစ်သည်။
ပေးပို့သူ (သို့မဟုတ်) အဖွဲ့အစည်း မည်သူမည်ဝါမသိရှိရသေးသော် အဆိုပါ ငွေတောင်းခြိမ်းခြောက် စာပါအရ တော်လှန်ရေးအတွက် စားနပ်ရိက္ခာဝယ်ယူရန် မြန်မာကျပ်ငွေသိန်းတစ်ထောင်ပေးရမည်ဟု ခြိမ်းခြောက်ငွေတောင်းခံထားခြင်းဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ KNU ဘက်က လက်သင့်မခံ ကြောင်းနှင့် ပြည်သူလူထု၏ အထင်အမြင်မှားမှု၊ KNU ၏ နိုင်ငံရေးဂုဏ်သိက္ခာအား ညိုးနွမ်းစေရန် ကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကေအဲန်ယူက ပြောသည်။
KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက “ကျနော်တို့က ဟိုးအစကတည်းက တော်လှန်ရေးကို ဗြောင်ကျကျလုပ်ဆောင်လာပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့သူတွေကို လက်တွဲခေါ်ဆောင်၊ တိုက်ပွဲ ဝင်လာတယ်။ ဒီအာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်းမှာ ရန်သူစစ်သား ၁၈,၅၀၀ ကျော်ကို သုတ် သင်နိုင်ခဲ့တဲ့ရလဒ်ကောင်းတွေရှိတဲ့အထိ ကျနော်တို့ရဲ့ ပေးဆပ်မှုကကြီးခဲ့တယ်။ အဲ့ဒီပုံရိပ်ကို ပျက်ပြား အောင် အခုလိုငွေကြေးလိမ်လည်တာတို့ လောင်းကစားကိစ္စတို့နဲ့ အမျိုးမျိုးလုပ်ဆောင်နေတာလို့ နားလည်ရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်ပြီး ၎င်းတို့အနေဖြင့် လုပ်ဆောင်သူများအား အရေးယူဖော်ထုတ်နိုင်ရေး လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် ရှိကြောင်းလည်း ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောဆိုသည်။

“အမှုဖြစ်မြောက်သွားတာတော့ ကျနော်တို့ မသိရဘူး။ စာက အပြင်ကို ပြန့်သွားတဲ့အခါကျတော့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက အဲဒီအတွက် လုပ်ဆောင်သွားမယ်လို့ ကျနော်တို့နားလည်ရပါတယ်။ စာမှာ ပါတဲ့ဖုန်းနံပါတ်က မှန်သလား၊ မှားသလားတော့ မသိဘူးပေါ့လေ။ ဒါကလည်း တာဝန်ရှိသူတွေက စိစစ်ဆောင်ရွက်ရမယ့်အပိုင်းဖြစ်ပါတယ်။”ဟု ပဒိုစောတောနီးက ပြောသည်။
ပြည်သူလူထုအနေဖြင့်လည်း အလားတူဖြစ်ရပ်မျိုး တွေ့ကြုံလာပါက နီးစပ်ရာ ကေအဲန်ယူ တာဝန်ရှိ သူများသို့ အသိပေးအကြောင်းကြားရန် ဇန်နဝါရီလ(၃)ရက်နေ့ ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းပန်ကြားထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ကမ္ဘာ့မီဒီယာတစ်ခုမှ သက်သေအထောက်အထားမရှိဘဲ လောင်းက စားဝိုင်း များ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ဆောင်မှုဖြင့် နာမည်ကြီးနေသော ကရင်ပြည်နယ်၊ မြဝတီမြို့မှ KK Park မြို့သစ်စီမံကိန်းတွင် ကေအဲန်ယူ ပါဝင်ပတ်သက်နေသည်ဆိုသော ဖော်ပြ ပြောဆိုမှုအား KNU အနေဖြင့် လက်မခံကြောင်း၊ အဆိုပါ ကိစ္စရပ်သည် ကေအဲန်ယူ၏ မူဝါဒများနှင့် ဆန့်ကျင်နေသည့်အတွက် တိုက်ဖျက်ရန် လုပ်ဆောင်နေကြောင်းလည်း ဒီဇင်ဘာလ(၃၀)ရက်နေ့က KNU ဗဟို၏ ရုပ်သံအစီအစဉ်မှတဆင့် ပြောဆိုခဲ့သည်။



















