ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ညောင်လေးပင်ခရိုင်( တပ်မဟာ-၃)၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းများ စိုးမိုးထားနိုင်ပြီးနောက်ပိုင်း စစ်ကောင်စီ တပ်က နေ့စဉ်ရက်ဆက်လေကြောင်းအသုံးပြု တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
နတ်သံကွင်းမြို့ အတွင်းအပြင်ရှိ စစ်ကောင်စီတပ်စခန်းများအား KNLA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၆)ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တစ်ပတ်ကျော်ကြာသည်အထိ မြို့အတွင်း စစ်တပ်က လေကြောင်းသုံးပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသဖြင့် ပြည်သူလူထုနေအိမ်နှင့် အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ရသလို ဒေသခံများလည်း နေရပ်မပြန်ရဲကြကြောင်း မြို့မှရှောင်တိမ်းနေထိုင်သူ အမျိူသားတစ်ဦးက ပြောသည်။
၎င်းက “လေယာဉ်က မနက်မလာရင် ညဘက်လာတယ်၊ တစ်ရက်မှကို မပြတ်သေးဘူး။ တစ်ခါတလေ မနက် တစ်ကြိမ် ညတစ်ကြိမ်၊ တစ်ရက်တည်း နှစ်ကြိမ်သုံးကြိမ် လာတာလည်းရှိတယ်။ လာတိုင်းပစ်တာပဲ။ လက်နက်ကြီးကတော့ နေ့တိုင်းလေယာဉ်ပြန်သွားပြီးတာနဲ့ ထုတယ်။ မြို့ထဲမှာ နေ့တိုင်းမီးလောင်နေတာ မြင်ရတယ်။ မနေ့ကဆို သုံးနေရာလောက် လောင်တယ်။ မြို့ကို ဘယ်သူမှလည်း မပြန်ရဲဘူး” ဟု ကေအိုင်စီကို ပြောသည်။
ထို့အပြင် တိုက်ပွဲနှင့်ပစ်ခတ်မှုများသည် နတ်သံကွင်းမြို့အတွင်းသာမက ပဲနွယ်ကုန်းမြို့နှင့်အနီးရှိ ကျေးရွာများ တွင်ပါ ဖြစ်ပွားလျက်ရှိပြီး ပဲနွယ်ကုန်းမြို့အပါအဝင် ကျောက်ကြီးမြို့သို့ပါ ဖြတ်သန်းသွားလာခွင့်မရှိတော့ဘဲ ဒေသခံအများစုမှာ ညောင်လေးပင်၊ ဖြူးနှင့် အခြားဘေးလွတ်ရာမြို့များသို့ ထွက်ပြေးတိမ်းရှောင် ကြကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
“လူတွေကတော့ မြို့ပေါ်ပြေးကြတယ်။ ရွာတွေမှာ သိပ်မရှိတော့ဘူး။ တိုက်ပွဲက ပဲနွယ်ကုန်းအထိဖြစ်နေတာ ပဲနွယ်ကုန်းကိုလည်း ပေးမဖြတ်တော့ဘူး။ ကျောက်ကြီးဘက်ကိုလည်း ပိတ်ထားတယ်။ လတ်တလောငြိမ်နေတဲ့ ညောင်လေးပင်ဘက် ပြေးကြသူတွေလည်းရှိတယ်။ ဆိုင်ကယ်ကယ်ရီခတွေကလည်း ကျောက်ကြီးကနေ ညောင်လေးပင်အထိ တစ်သိန်းခွဲဖြစ်နေပြီ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ နတ်သံကွင်းရဲစခန်းအား သိမ်းပိုက်ရရှိရန် KNLA ပူးပေါင်းတပ်များက ကြိုးစားတိုက်ခိုက်နေပြီး စခန်းအတွင်းပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသို့ လေယာဉ်ဖြင့်လာရောက်ချထားပေးသော ရိက္ခာထုပ်အများစုကိုလည်း ပူးပေါင်းတပ်က ရရှိထားကြောင်း ကေအဲန်ယူနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။
ကေအဲန်ယူနှင့်နီးစပ်သူတစ်ဦးက “ရဲစခန်းတစ်ခုမရသေးဘူး။ စစ်သားတွေ အကုန်ပိတ်မိသလိုဖြစ်နေတာ။ သူတို့ လေယာဉ်နဲ့လာပို့တဲ့ ရိက္ခာထုပ်က သုံး၊ လေးထုပ်ပဲ သူတို့ရလိုက်တာ ဒီဘက်(ပူးပေါင်းတပ်)က မြို့ကို စိုးမိုးထားတော့ ဖြတ်တိုက်စရာကိုမလိုဘူး။ ရဲစခန်းထဲတည့်တည့်ဝင်တဲ့အထုပ်ကလွဲပြီး ကျန်တာအကုန်ရတယ်။” ဟု ဇန်နဝါရီလ(၂)ရက်နေ့ ညပိုင်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စခန်းသိမ်း၊ မြို့ထိန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကူဖြည့်လာသော စစ်ကြောင်းများသည် ပူး ပေါင်းတပ်၏တိုက်ခိုက်မှုခံခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပြီး တိုက်စစ်ဆင်နွှဲခြင်းဖြစ်သည့်အတွက် KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်နှစ်ဖက်စလုံး အထိအခိုက်များနေသည်ဟု နီးစပ်ရာသ တင်းအရင်း အမြစ်များမှ သိရှိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်များအရ တိုက်ပွဲစတင်ဖြစ်ပွားသည့်နေ့မှစ၍ ဒီဇင်ဘာလ(၃၁)ရက်အထိ နတ်သံ ကွင်းမြို့နှင့်ပဲနွယ်ကုန်းမြို့အနီးရှိကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့် ဗုံးအလုံးရေ (၅၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များပါဝင်သော ဒေသခံ(၉)ဦးသေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။န



















